ကျွန်မတို့ရဲ့ အိပ်မက်ပန်းတိုင်တွေဆီ တက်လှမ်းတဲ့လမ်းမှာ ဘယ်သူမဆို အခက်အခဲတွေ ကြုံရမှာ မလွဲမသွေပါပဲ။ ဒါပေမဲ့ Jackie Chan ကတော့ တစ်ကိုယ်တည်း ဟောင်ကောင်မှာ ဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံရင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့လူတစ်ဦး အဖြစ်ရောက်လာအောင် လေ့ကျင့်မှုများစွာ၊ ပေးဆပ်မှုများစွာ သူလုပ်ခဲ့ရပါတယ်။ အခုဖော်ပြမှာကတော့ ဒီဟီးရီုးရဲ့ ဘဝအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ အတုယူနိုင်ဖို့ သမိုင်းကြောင်း ဖြစ်ပါတယ်။

Martial Art က Jackie Chan ငယ်ရွယ်စဉ်တည်းက သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါတယ်

Jackie Chan ကို ၁၉၅၄ မှာ မွေးဖွားခဲ့ပြီး သူ့ မိဘတွေဟာ ကလေးမွေးခ ပေးဖို့တောင် ပိုက်ဆံမရှိခဲ့ဘဲ မိတ်ဆွေတွေဆီကနေ ချေးခဲ့ရပါတယ်။ ကလေး တစ်ယောက်အနေနဲ့ Jackie Chan ဟာ အစောကြီးထပြီး သူ့ဖခင်နဲ့ ကွန်ဖူးလေ့ကျင့်ခဲ့ပါတယ်။

သူ့ဖခင် သြစတြေးလျမှာ အလုပ်ရချိန်မှာတော့ သူဟာ ဟောင်ကောင် China Drama Academy မှာ တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး သူဟာ မိဘတွေနဲ့ သိပ်မတွေ့ရတော့ပါဘူး။

Jackie Chan ဟာ Martial Art ကို တစ်နေ့လုံး လေ့ကျင့်ခဲ့ပါတယ်

အင်တာဗျူးတစ်ခုမှာ Jackie က ကျောင်းတုန်းက သူ့အမှတ်တရကို ပြန်ပြောပြခဲ့ဖူးပါတယ်။ သူဟာ ၆ နှစ်အရွယ်မှာ ကျောင်းစအပ်ခဲ့ပြီး မနက်တိုင်း ၅ နာရီ ထရပါတယ်တဲ့။ ဒါပြီးတာနဲ့ သူဟာ ရေထည့်ထားတဲ့ ခွက်နှစ်ခွက်ကို ဟန်ချက်ညီအောင် မ ကာ ရေမမှောက်ကျအောင် ပြေးရပါတယ်။

တကယ်လို့ ရေမှောက်ကျခဲ့ရင် သူဟာ ဆရာတွေဆီမှာ အပြစ်ပေးခံရပါတယ်တဲ့။ သူဟာ Martial Art လေ့ကျင့်တဲ့အချိန် ၁ နာရီကြာ Handstand လုပ်ရတယ်လို့ ဆိုထားပါတယ်။

ဆရာတွေက ခက်ခဲတဲ့ ကိုယ်နေဟန်ထား ရောက်လာတဲ့အချိန် ရပ်ခိုင်းပြီး ဒီပုံစံအတိုင်း မိနစ် ၂၀ နေရတယ်လို့ ပြောပြခဲ့ပါတယ်။

သူဟာ စတန့်ဘက် ပြောင်းလဲခဲ့တယ်

အသက် ၁၇ နှစ်အရွယ်မှာတော့ Chan ဟာ ဘွဲ့ရခဲ့ပြီး အလုပ်ရှာပါတော့တယ်။ ဒါပေမဲ့ သူဟာ ရေးဖို့ဖတ်ဖို့ မသင်ခဲ့တာကြောင့် အလုပ်ရဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒါကြောင့် သူ တတ်ကျွမ်းတဲ့ ကိုယ်ကာယ လုပ်သားအနေနဲ့ကော စတန့်သမားအနေနဲ့ပါ ရပ်တည်ခဲ့ရပါတယ်။ Chan က အကြောက်အလန့်မရှိတဲ့ စတန့်သမား ဖြစ်တာကြောင့် သူနဲ့ အလုပ်တွဲလုပ်ချင်သူတွေ များပြားခဲ့ပါတယ်။

ဒါပေမဲ့ ဟောင်ကောင်ဇာတ်လမ်းတွေဟာ အောင်မြင်မှု သိပ်မရတော့ဘဲ ခေတ်ဆုတ်လာတဲ့ အချိန်မှာတော့ သူဟာ မိဘတွေနဲ့ အတူရှိဖို့ သြစတြေးလျကို ပြောင်းခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ Jackie က Bruce Lee နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီး အဲ့တုန်းက Bruce Lee က မတော်တဆ သူ့ကို တကယ်ရိုက်မိခဲ့ပါတယ်တဲ့။ “ကျွန်တော် Bruce Lee ဆီမှာ ရိုက်ခံရတာ ကောင်းလိုက်တာ” လို့တောင် Jackie Chan က ပြောခဲ့ပါသေးတယ်။

Jackie Chan ဟာ ဆောက်လုပ်ရေးနဲ့ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ပေမယ့် မပျော်ခဲ့ပါဘူး။ ၁၉၇၆ မှာတော့ သူဟာ Willie Chan ရဲ့ အဆက်အသွယ်နဲ့ New Fist of Fury ဇာတ်လမ်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Interview တစ်ခုမှာတော့ Jackie က သူ့ရဲ့ အခက်ဆုံး စတန့်ကွက်က Project A ဆိုတဲ့ ဇာတ်ကားမှာပါတဲ့။ ဒီ စတန့်ကွက်ကို ကျွမ်းကျင်ဖို့ သူဟာ ၇ ရက်လေ့ကျင့်ခဲ့ရပါတယ်။ သူဟာ နာရီစင်ကနေ ပြုတ်ကျခဲ့ပြီး ခေါင်းထိခိုက်ခဲ့ကာ ဒီဒဏ်ရာကို ၂ နှစ်ကြာ ခံစားခဲ့ရတယ်လို့ ဖြေထားပါတယ်။

လူကြိုက်များတဲ့ နာမည်ကျော် မင်းသား တစ်ဦး ဖြစ်လာခြင်း

Chan ဟာ အာရှမှာ လူကြိုက်များတဲ့ မင်းသား တစ်လတ်ဖြစ်လာခဲ့ပါတယ်။ အမေရိကားမှာ ထိုးဖောက်နိုင်ဖို့တော့ အချိန်ကြာခဲ့ပြီး Rumble in the Bronx နဲ့ အမေရိကန်မှာ အောင်မြင်မှု အကြီးအကျယ် ရခဲ့ပါတယ်။

ဒီကနေ Rush Hour, Shanghai Noon, The Karate Kid စတဲ့ ဇာတ်လမ်းကောင်းတွေနဲ့ အောင်မြင်မှု ထပ်ရခဲ့ပါတယ်။

Honorary Academy Award ကို Jackie Chan ရတဲ့အချိန်မှာတော့ “Film Industry မှာ ၅၆ နှစ်ကြာခဲ့ကာ ဇာတ်လမ်းပေါင်း ၂၀၀ ကျော် လုပ်ခဲ့ပြီး အရိုးပေါင်းများစွာ ကျိုးပြီးနောက်မှာတော့ ဒီဆုကို ကျွန်တော် ရခဲ့ပါပြီ” လို့ Jackie Chan က ပြောခဲ့ပါတယ်။

Jackie Chan ဟာ လူတိုင်းကို ရိုကျိုးကာ တလေးတစား ဆက်ဆံတတ်သူမို့ သူနဲ့ တွဲရိုက်တဲ့သူတိုင်းက Jackie Chan ကို ခင်မင်ကြပါတယ်တဲ့။

လက်ရှိမှာတော့ Jackie Chan ဟာ ပရဟိတ လုပ်ငန်းများစွာမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ သင်ကော Jackie Chan ရဲ့ ဘယ်ဇာတ်လမ်းကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar