ယောဂလေ့ကျင့်ခန်း က စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ကျသက်သာစေတာကြောင့် ညအချိန်မှာပြုလုပ်မယ်ဆိုရင် ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးမှာပါ။

ဒီနေ့တော့ သင့်ရဲ့ အိပ်စက်ခြင်းအရည်အသွေးကို မြင့်တင်ပေးမယ့် အိပ်ရာဝင်ခါနီး ပြုလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်း (၄) ခုကိုတင်ဆက်ပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

အရင်ဆုံး တရားထိုင်တဲ့ပုံစံထိုင်ပေးပါ။ ပခုံးတွေကို ပင့်ထားစရာမလိုပဲ သက်တောင့်သက်သာ ဖြေလျော့ထားရပါမယ်။ စိတ်ကိုအတတ်နိုင်ဆုံး ရှင်းထုတ်ထားပါ။

မျက်လုံးကိုမှိတ်ထားပြီး အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်လုပ်ပေးပါ။ ထိုနည်းအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

နံရံနဲ့ ၅လက်မ (သို့) ၆လက်မလောက်ခွာပြီးထိုင်ပေးပါ။ ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ လှဲချပြီး ခြေထောက် ၂ ချောင်းကို နံရံပေါ်သို့ ၉၀ ဒီဂရီထောင်မတ်ပေးရပါမယ်။

လက်နှစ်ဖက်ကိုတော့ ခန္ဓာကိုယ်ရဲ့ ဘေးဘက် တစ်ဖက်တစ်ချက်စီသို့ သက်တောင့်သက်သာအနေအထား ချထားပေးပါ။ ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ခြေဖနောင့်ပေါ်မှာ ထိုင်လျက်အနေအထားပုံစံ ယူပေးပါ။ ထို့နောက်ခါးကို ဖြေးဖြေးချင်း ရှေ့ကိုကိုင်းချပါ။ နဖူးကို ကြမ်းပြင်နဲ့ကပ်လျက်အနေအထားနေပြီး လက်နှစ်ဖက်ကိုလည်း ဦးခေါင်းအရှေ့ဖက်သို့ ဆန့်ထုတ်ထားပါ။

ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားပုံစံ ယူလိုက်ပါ။ ပြီးရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း ညာဘက်ဒူးကိုကွေးပြီးခါးကိုလှည့်ကာ စောင်းချလိုက်ပါ။ ဘယ်ဘက်လက်နှင့် ကွေးထားတဲ့ဒူးကို ကိုင်ထားပေးရမှာဖြစ်ပြီး ညာဘက်လက်ကိုတော့ ကြမ်းပြင်ပေါ်ကိုပဲ သက်တောင့်သက်သာချထားပါ။

ထိုနည်းအတိုင်း ဘယ်ညာပြောင်းပြီး တစ်ဖက်ကို ၁ မိနစ်စီပြုလုပ်ပေးရပါမယ်။