ခန္ဓာကိုယ် ရွေ့လျားမှုနဲ့ အသက်ရှုနည်းစနစ်အပေါ် အခြေခံတဲ့ ယောဂ လေ့ကျင့်ခန်းတွေဟာ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို များစွာအကျိုးပြုပါတယ်။
လေ့လာမှုတွေအရ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ စိတ်နဲ့ခန္ဓာကို ငြိမ်သက်အေးချမ်းစေပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါကို သက်သာစေတယ်လို့ အထောက်အထားတွေနဲ့ တကွသက်သေ ပြထားပါတယ်။
ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေလျော့ကျပြီး စွမ်းအင်ပြန်လည် ဖြည့်တင်းပေးကာ လန်းဆန်းတက်ကြွစေမယ့် ယောဂ လေ့ကျင့်ခန်း ၄ ခုကို မျှဝေပေးချင်ပါတယ်။
(၁) Kapalbhati (Bhastrika)
ဒီလေ့ကျင့်ခန်းက တရားထိုင်နည်းနဲ့ ဆင်တူပါတယ်။ တရားထိုင်တဲ့ ပုံစံအတိုင်း ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ထိုင်ပါ။ မျက်လုံးမှိတ်ထားပြီး ဝမ်းဗိုက်ကြွက်သားတွေ ကျုံ့သွားသည်အထိ လေကိုဖြည်းဖြည်းချင်း ရှုသွင်းပါ။
ပြီးရင် လေကိုဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။ ရှုသွင်းရှုထုတ် အကြိမ် ၃၀ ခန့်ပြုလုပ်ပြီးရင် စက္ကန့်ပိုင်းလောက် ခဏနားပေးပါ။ ပြီးနောက်တစ်ကြိမ် ပြန်လုပ်ပေးပါ။
(၂) Virabhadrasana I (Warrior I)
အရင်ဆုံး ဘယ်ဘက်ခြေထောက်ကို ၉၀ ဒီဂရီ ကွေးထားပြီး ညာခြေကို နောက်သို့ ဆန့်ထုတ်ထားပါ။ လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်ထုတ်ထားပြီး ဒီပုံစံအတိုင်း ဟန်ချက်ထိန်းကာ လေကို ၅ – ၁၅ ကြိမ်ခန့် ရှုသွင်းရှုထုတ် လုပ်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကို ဘယ်ညာပြန်ပြောင်းပြီး ဒီပုံစံအတိုင်း ဆက်လုပ်ပေးပါ။
(၃) Bhujangasana (Cobra Pose)
Cobra Pose က တော်တော်များများနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ယောဂ ဖျာပေါ်မှာ ခန္ဓာကိုယ်ကို မှောက်လျက်အနေအထား ပုံစံယူပါ။ ပြီးရင် လက်တွေကိုကြမ်းပြင်မှာ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တွန်းတင်ပေးပါ။
ဝမ်းဗိုက် ၊ ပေါင်နဲ့ ခြေထောက်တွေကိုတော့ ကြမ်းပြင်မှာကပ်ထားပြီး အသက်ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ပေးပါ။ ဒီအနေအထားအတိုင်း ၁ မိနစ်ခန့် နေပါ။
(၄) Ustrasana (Camel Pose)
ယောဂဖျာပေါ်မှာ ဒူးထောက်ပြီး လက်နှစ်ဖက်ကို တင်ပါးပေါ်တင်ထားပါ။ ထို့နောက် ခန္ဓာကိုယ်ကိုနောက်ဘက်သို့ ဖြည်းဖြည်းချင်းလှန်ချပြီး ခြေဖဝါးနဲ့ လက်ကို ထိနိုင်သမျှထိအောင် ကပ်ပေးပါ။ ဒီပုံစံအတိုင်းလေကို ဖြည်းဖြည်းချင်း ရှုသွင်းပါ။
ထို့နောက်လေကို ဖြည်းဖြည်းချင်းပြန်ရှုထုတ်ပြီး မူလပုံစံအနေအထားအတိုင်း ပြန်သွားပါ။ အစပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် လုပ်ရင်းအကြောတွေ ပျော့ပြောင်းလာပြီး Camel Pose အနေအထားအမှန်ကို ပြုလုပ်လာနိုင်ပါလိမ့်မယ်။