အားကစားလုပ်ချင်တယ် ဒါပေမယ့် Gym သွားဖို့လည်း အချိန်ကောင်းကောင်းမပေးနိုင်ဘူး။ ကျန်းမာကြံ့ခိုင်တဲ့ဘော်ဒီလည်း ပိုင်ဆိုင်ချင်တယ်ဆိုတဲ့သူတို့အတွက် အိမ်မှာတင် ကျစ်လစ်တဲ့ ခန္ဓာကိုယ်ရအောင်လုပ်လို့ရမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Workout Videos တွေနဲ့ လေ့ကျင့်ပါ

Youtube မှာ Free ကြည့်လို့ရတဲ့ Workout Videos တွေနဲ့ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်လို့ ရပါတယ်။ Gym ရုံသွားစရာမလို ၊ Gym နဲ့ပတ်သတ်တဲ့ စက်ကိရိယာတွေမလိုပဲ အချိန် ၊ နေရာမရွေး လေ့ကျင့်ခန်း လုပ်လို့ရနိုင်မှာပါ။

(၂) တက်နိုင်သလောက် လမ်းများများလျောက်ပါ

လမ်းလျှောက်ခြင်းဟာ လွယ်ကူရိုရှင်းပြီး ထိရောက်မှုရှိတဲ့ အခြေခံလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် အဆီပိုတွေလောင်ကျွမ်းစေပြီး ကြွက်သားများ ကျစ်လစ်သန်မာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ တစ်နေ့ကို နာရီဝက်လောက်အနည်းဆုံး လမ်းလျောက်ပေးသင့်ပြီး လမ်းလျှောက်ဖို့ သီးသန့်အချိန်မပေးနိုင်သူတွေအနေနဲ့ ရုံးဆင်းချိန်တွေမှာ ကားအသုံးမပြုဘဲ လမ်းလျှောက်ခြင်းကို အစားထိုးဖို့ အကြံပြုချင်ပါတယ်။

(၃) ကိရိယာတွေမလိုတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ

Fitness Equipment တွေဘာတစ်ခုမှမလိုပဲ အိမ်မှာတင်လွယ်လွယ်ကူကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းရှိပါတယ်။ ဒိုက်ထိုးခြင်း ၊ Plank ထောက်ခြင်း ၊ ကြိုးခုန်ခြင်း ၊ Squats ထိုင်ခြင်း ၊ Belly ရိုက်ခြင်း ၊ Jumping Jacks ခုန်ခြင်း စသည်ဖြင့်ပေါ့။ ရေချိုးခါနီး မိနစ် ၂၀ လောက်ကို အဆိုပါ လေ့ကျင့်ခန်းတွေလုပ်ပေးရုံနဲ့ ကျစ်လစ်တဲ့ ဘော်ဒီကို ရရှိနိုင်ပါတယ်။

(၄) အိမ်အလုပ်လုပ်ပါ

အိမ်အလုပ်လုပ်တယ်ဆိုတာ တကူးတကလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ အိုးခွက်ပန်းကန်တွေ ဆေးကြောပါ။ ကြမ်းတိုက်ပါ။ ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ပါ။ သစ်ပင်ပန်းပင်တွေကို ရေလောင်းပါ။ ခြံရှင်းပါ။ ဒါတွေအားလုံးဟာ ကယ်လိုရီလောင်ကျွမ်းစေတဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။