သွားတွေ စွန်းထင်းပြီး ဝါသွားတဲ့အခါ ပြန်လည်ဖြူဖွေးဝင်းပချင်တယ်ဆိုရင် ဘယ်လိုလုပ်ပေးရမလဲ၊ သဘာဝ နည်းလမ်းတွေ အသုံးပြုလို့ မရဘူးလားလို့မေးရင်တော့ သံပုရိုသီးက အသုံးအဝင်ဆုံးပဲဖြစ်တယ်လို့ ဖြေပါရစေ။

သံပုရိုသီး အသုံးပြုတဲ့အခါမှာလည်း နည်းလမ်းမျိုးစုံ အသုံးပြုလို့ရပါတယ်။ မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို အသုံးပြုနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

နည်းလမ်း (၁)

ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောလိုက်ပါ။ ပြီးရင် ထိုအရည်နဲ့ တစ်မိနစ်ခန့် သွားတိုက်ပေးလိုက်ပါ။ ပြီးတဲ့အခါ ရေနဲ့ ပလုပ်ပြန်ကျင်းပြီးနောက် မိမိတိုက်နေကျ သွားတိုက်ဆေးနဲ့ သွားပြန်တိုက်ပေးလိုက်ပါ။

ဒီပါဝင်ပစ္စည်းလေးကိုပဲ နောက်တစ်နည်း အသုံးပြုလို့ရပါတယ်။ ရောနှောထားတဲ့ သံပုရိုရည်နဲ့ ရေကို လက်ချောင်းလေးနဲ့ သွားတွေပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်အထိကြာမှ ရေသန့်သန့်လေးနဲ့ ပလုပ်ကျင်းပေးလိုက်ပါ။ ဒီနည်းလမ်းလေးတွေကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

နည်းလမ်း (၂)

သင့်ရဲ့ သွားလေးတွေကို သံပုရိုသီးအခွံလေးတွေနဲ့ တစ်မိနစ်၊ နှစ်မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ပလုပ်ကျင်းလိုက်ပါ။ ဒီနည်းလမ်းလေးကို ပုံမှန်ပြုလုပ်ပေးလိုက်ပါ။

နောက်တစ်နည်းကတော့ သံပုရိုသီးအခွံနဲ့ ရေတို့ကို အနှစ်များရအောင် သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ရလာတဲ့အနှစ်နဲ့ သွားတိုက်ပေးလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် သွားလေးတွေ ဖြူဖွေးဝင်းပလာပါလိမ့်မယ်။

နည်းလမ်း (၃)

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်ကို သမအောင် ရောနှောပြီးနောက် သွားတိုက်ဆေးကဲ့သို့ သဘောထားပြီး သွားတိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာမှ ပြောင်စင်သွားအောင် ပလုပ်ကျင်းပေးလိုက်ပါ။

နည်းလမ်း (၄)

မုန့်ဖုတ်ဆိုဒါနဲ့ သံပုရိုရည်ကို ဆတူရောပြီး သွားပေါ်မှာ သုတ်လိမ်းထားပါ။ တစ်မိနစ်ခန့် ထားထားပါ။ ထို့နောက် သွားပွတ်တံနဲ့ ၁ မိနစ် ၂ မိနစ်ခန့် သွားတိုက်ပေးလိုက်ပါ။ ပြီးရင် ရေစင်အောင် ဆေးလိုက်ပါ။

သွားပေါ်က မုန့်ဖုတ်ဆိုဒါများ အကုန်အစင်ပြောင်စင်ဖို့ရန်အတွက် မိမိတိုက်နေကျ သွားတိုက်ဆေးနဲ့ သွားပြန်တိုက်ရပါဦးမယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။