စနေ တနင်္ဂနွေရုံးပိတ်ရက်တွေဟာ ဝန်ထမ်းတွေအတွက်တော့ အပျော်ရွှင်ရဆုံး နေ့ရက်တွေပါပဲ။ တစ်ပတ်လုံး အလုပ်ခွင်ထဲမှာ ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ခဲ့သမျှ ပိတ်ရက်လေးရောက်မှပဲ အတိုးချ အနားယူကြရတာပါ။ ဒါပေမယ့်လည်း စနေ တနင်္ဂနွေရုံးပိတ်ရက် (၂)ရက်က ခဏလေးနဲ့ ကုန်ဆုံးသွားတာ အရမ်းကိုမြန်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အားလပ်ရက်လေးကို ကောင်းကောင်းအနားယူ အပန်းဖြေချင်တယ်ဆိုရင်တော့ အခုပြောပြမယ်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပါ။

Cafe ဆိုင်ကောင်းကောင်းလေးသွားပါ

ကော်ဖီကြိုက်တဲ့သူတွေအတွက်တော့ မဖြစ်မနေလုပ်ရမှာ အားလပ်ရက်မှာ ကော်ဖီဆိုင်ကောင်းကောင်းလေး တစ်ခုမှာသွားပြီး အကြိုက်ဆုံးကော်ဖီလေးနဲ့ တစ်ခွက်နဲ့ စာအုပ်လေးတစ်အုပ်နဲ့ သွားနှပ်သင့်ပါတယ်။ နားအေးပါးအေးနဲ့ အေးအေးဆေးဆေးရှိမယ့် ဆိုင်မျိုးကိုရွေးပါ။ ကိုယ်ကစာအုပ်ဖတ်ရတာ ဝါသနာပါတယ်ဆိုရင် ရန်ကုန်မှာ Cafe ဆိုင်လေးတွေ ပေါ်လာပါပြီ။ အားလပ်ရက်လေးမှာတော့ ဆိုရှယ်မီဒီယာတွေ ဖုန်းတွေသုံးတာလျော့ပြီး စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ယူလိုက်ပါ။

Spa သွားပါ

အသားအရေထိန်းသိမ်းချင်တဲ့သူတွေအနေနဲ့ Spa မှာသွားပြီး ဇိမ်ယူလို့ရပါတယ်။ လက်ရှိမှာ လစာရထားတာလည်း မကြာသေးဘူးဆိုတော့ အရက်ဘီယာတွေ အများကြီးသောက်လို့ ကုန်မယ့် ပိုက်ဆံအစား Spa သွားပြီးဇိမ်ယူလိုက်ပါ။ Spa သွားခြင်းက အသားအရေထိန်းသိမ်းပြီးသားလည်းဖြစ်သလို စိတ်အပန်းပြေစေမယ့် နည်းလမ်းလေးတစ်ခုဖြစ်တာကြောင့် တစ်ခါလောက်တော့ သွားကြည့်သင့်ပါတယ်။

မိသားစုကိုအချိန်ပေးပါ

မိသားစုဆိုတာ နေတိုင်းတွေ့နေရတယ်ဆိုပေမယ့်လည်း သီးသန့်အချိန်ပေးဖို့ လိုအပ်ပါတယ်။ အခုလို အားလပ်ရက် (၂) မှာ တစ်ရက်ကို အပေါ်က ပြောခဲ့တဲ့ နည်းလမ်းလေးတွေ လုပ်ဆောင်ပြီး နောက်တစ်ရက်ကိုတော့ မိသားစုကိုအချိန်ပေးပါ။ တစ်ပတ်လုံးလုံး အိမ်သားတွေစားဖို့ ချက်ပြုတ်နေရတဲ့ အမေ့ကို အားလပ်ရက်လေးပေးလိုက်ပါ။ မိသားစုနဲ့ ဆိုင်ကောင်းကောင်းမှာ သွားစားပါ။

ကောင်းကောင်းအိပ်ပါ

မနက်ရုံးသွားဖို့ အိပ်ယာထခဲ့ရတဲ့ရက်တွေကို အတိုးချပြီး အားလပ်ရက်မှာ ရှယ်ပြန်အိပ်ပါ။ အခုရက်ပိုင်းက မိုးလေးဖွဲဖွဲရွှာနေတာဆိုတော့ နေ့လည်နေ့ခင်းတွေမှာလည်း အရမ်းကိုအိပ်လို့ကောင်းပါတယ်။ ဒါကြောင့် ဘယ်မှမသွားချင်ဘူးဆိုရင်တော့ အိမ်မှာပဲအခန်းအောင်းပြီး အိပ်စက်အနားယူလိုက်ပါ။