နုပျိုခြင်းနဲ့ အိုမင်းခြင်းကို ဖော်ပြတာ မျက်နှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်ပြုပြုပြင်ပြင် မနေတတ်သူတွေဟာ ငယ်ငယ်နဲ့ ရုပ်ရင့်လွယ်ပါတယ်။ ရုပ်ရင့်လာခြင်းနဲ့အတူ မျက်နှာပေါ်မှာ မြင်တွေ့လာရတာတွေက ပါးရည်တွန့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ပါးရည်တွန့်နေတဲ့သူတွေအတွက် အကျိုးများတဲ့ နှိပ်နယ်နည်း ၄ မျိုးအကြောင်း ဖြစ်ပါတယ်။

(၁) နားရွက်ဘေးအပေါ် နှိပ်ပေးခြင်း

ဒီနည်းကတော့ နားရွက်နှစ်ဖက်အပေါ်ဘက် တစ်လက်မနေရာမှာရှိတဲ့ ဆံပင်တွေကို ညင်ညင်သာသာနဲ့ အပေါ်ဘက်ဆွဲထားရမှာပါ။ စက္ကန့်အနည်းငယ်လောက်ကြာအောင် ငြိမ်ငြိမ်လေးထားထားပါ။ ပြီးမှ ဆံပင်နဲ့ ခေါင်းအကြား ဖိအားကိုပိုတိုးလာစေဖို့ ပွတ်ချလိုက်ပါ။ ပြီးရင် စက်ဝိုင်းပုံစံ ညင်ညင်သာသာလေး နှိပ်နှယ်ပေးပါ။ ပြီးရင် နာရီလက်တံပြောင်းပြန်ပုံစံနဲ့ နှိပ်ပေးရမှာ ဖြစ်ပါတယ်။

(၂) နားရွက်နောက် နှိပ်နည်း

ဒီတစ်ခါ နားရွက်နောက်ဘက်မှာ ရှိတဲ့ ဘေးနှစ်ဘက်က ဆံပင်တွေကို ဆုပ်ကိုင်ထားရမှာပါ။ ဆံသားတွေရဲ့ လှုပ်ရှားမှုကို သတိစိုက်ထားနေချိန်မှာ အသက်ရှုပါ။ ပြီးရင် ဆံပင်ကို အပေါ်ဘက် ညင်ညင်သာသာနဲ့ ဆွဲထားပါ။ စက္ကန့်အနည်းငယ်ကြာအောင် ဆွဲထားရမှာ ဖြစ်ပြီး စက်ဝိုင်းပုံစံ သာသာလေး နှိပ်ပေးရမှာ ဖြစ်ပါတယ်။

(၃) နဖူးပြင်နဲ့ ခေါင်းနောက်ဖက် နှိပ်နည်း

ခေါင်းအနောက်တည့်တည့်မှာရှိတဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ ဆုပ်ပြီး ကျန်တစ်ဖက်နဲ့ နဖူးထိပ်က ဆံပင်တွေကို ဆုပ်ကိုင်ထားရမှာပါ။ အပေါ်မှာ ပြောခဲ့တဲ့နည်းတွေအတိုင်း ဆံပင်ကို စက္ကန့်အနည်းငယ်ကြာအောင် ဆွဲဆုပ်ထားပြီးမှစက်ဝိုင်းပုံစံ လှုပ်ရှားမှုနဲ့ နှိပ်ပေးရမှာပါ။

(၄) သွေးလျှောက်အောင် နှိပ်နည်း

ဒီနည်းကလည်း တစ်နေ့လုံး ကြိုက်တဲ့အချိန် လုပ်လို့ရပေမယ့် အကောင်းဆုံးက မနက်အိပ်ရာထပြီးနောက် လုပ်ဖို့ပါပဲ။ ထိုင်နေရင်းလည်း လုပ်နိုင်သလို မတ်တပ်ရပ် နေတဲ့ပုံစံနဲ့လည်း လုပ်ပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းက လက်သီးတွေ ဆုပ်ထားပါ။ပြီးရင် ခေါင်းရဲ့ အနောက်ခြမ်း ဘေးနှစ်ဖက်က အရိုးတွေပေါ် တင်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖိထားတဲ့နေရာပေါ်မှာ စက်ဝိုင်းပုံစံ ညင်ညင်သာသာလေး နှိပ်ပေးရမှာပါ။