မင်္ဂလာပါနော်။ အသားအရေနဲ့ ပတ်သက်ရင် မနက်မိုးလင်းလို့ မျက်နှာသစ်တယ်၊ ပြင်ဆင်ပြီးရင်အပြင်သွားတယ်။ အခုလို ပြင်ပမှာ သွားလာလှုပ်ရှားမှုတွေကြောင့် သင့်အသားအရေ ပိုပြီးထိခိုက်ပျက်စီးလာနေတယ်ဆိုတာ သင်သတိထားမိပါသလား။
လေထုညစ်ညမ်းမှုတွေ၊ ကားတွေကထွက်တဲ့အငွေ့တွေ၊ ဖုန်၊ အညစ်အကြေးတွေ၊ နေရောင်ခြည်ဒဏ်တွေ၊ အခိုးအငွေ့တွေ စတာတွေက သင့်အသားအရေကို များစွာထိခိုက်ပျက်စီးစေပါတယ်။
ဒီလိုပြဿနာတွေဟာ သင့်အနေနဲ့ ရှောင်လွှဲလို့မရပါဘူး။ ဒါ့ကြောင့် အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ အခုပြောပြမယ့် အဆင့် (၄) ဆင့်ကို လုပ်ပေးသင့်ပါတယ်။
၁။ နှစ်ဆ သန့်ရှင်းပါ
မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်လိုက်ရုံနဲ့ သင့်အသားအရေပေါ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေ သန့်စင်မသွားဘူးဆိုတာ သင်သိပါသလား။ သင်လိမ်းထားတဲ့ မိတ်ကပ်တွေ၊ Mascara တွေဟာ အလွယ်တကူနဲ့ သန့်စင်မသွားပါဘူး။
အရင်ဆုံး မိတ်ကပ်ဖျက်ရည် (သို့) တိုနာ (သို့) အုန်းဆီနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို အရင်ဖျက်ပေးလိုက်ပါ။
ပြီးသွားရင်တော့ မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ပါ။
၂။ ရွှံ့စေးနဲ့ပေါင်းတင်မယ်
ရွှံ့စေးနဲ့ မျက်နှာကို ပေါင်းတင်ပေးပါ။ ရွှံ့စေးဟာ သင့်မျက်နှာပေါ်က အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၃။ တိုနာသုံးပါ
မျက်နှာလည်းသစ်ပြီးသွားပြီ။ ရွှံ့စေးနဲ့ ပေါင်းတင်ပြီးသွားပြီဆိုရင် တိုနာနဲ့ မျက်နှာတစ်ခုလုံးကို ထပ်ပြီးလိမ်းပေးလိုက်ပါ။ တိုနာဟာ မျက်နှာပေါ်က PH ပမာဏကို ထိန်းပေးပါတယ်။
၄။ Moisturizer လိမ်းပေးပါ
အားလုံးပြီးသွားရင်တော့ သင့်အသားအရေနဲ့လည်းသင့်တော်ပြီး သင်လည်းအမြဲတမ်းသုံးနေတဲ့ Moisturizer ကိုသုံးပေးလိုက်ပါ။ သင့်အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။