“ရေရှည်ဆက်ဆံရေးအတွက် လျှို့ဝှက်ချက်က ပြောင်းလွယ်ပြင်လွယ်ရှိတာပဲ” လို့ အချစ်ရေးကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ “ဆက်ဆံရေးတစ်ခုဟာ လူနှစ်ဦးပေါင်းစည်းထားတာ ဖြစ်ပေမယ့် တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်သွင်ပြင်တွေကိုတော့ စွန့်လွှတ်စရာမလိုပါဘူး။

ပိုကောင်းတဲ့ ဆက်ဆံရေးတစ်ခုရလာတဲ့အခါ တစ်ယောက်ချင်းစီက တိုးတက်ပြောင်းလဲလာမှာပါ။ ဝမ်းနည်းစရာကောင်းတာက နှစ်ယောက်ကြားက အပြောင်းအလဲတွေကို လိုက်လျောညီထွေဖြစ်အောင် မဖန်တီးနိုင်တော့ရင်တော့ ရေရှည်ဆက်ဆံရေးတစ်ခုဟာ အဆုံးသတ်သွားနိုင်ပါတယ်။

(၁) ဦးတည်ချက်တွေ ကွဲလွဲခြင်း

ချစ်သူစုံတွဲနှစ်ယောက်မှာ ရည်မှန်းချက်တစ်ထပ်တည်း ထပ်တူကျနေဖို့မလိုပေမယ့် တူညီတဲ့အခြေခံ ဦးတည်ချက်တွေရှိဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေပေါ်လာပြီး မကြာခဏ ရန်ဖြစ်စကားများရမှာပါ။

လူနှစ်ယောက်က သူတို့ရဲ့ ဘဝအတွက် မတူကွဲပြားတဲ့ အမြင်တွေရှိတဲ့အခါ နှစ်ယောက်စလုံးအတွက် အလယ်အလတ်နေရာတစ်ခုကို ဖန်တီးဖို့ဆိုတာ ခက်ပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံးက အပေးအယူလုပ်ဖို့ ၁၀၀ ရာခိုင်နှုန်း ဆန္ဒမရှိရင်တော့ အန္တရာယ်ကင်းဖို့ အာမ မခံနိုင်ပါဘူး။

(၂) ဖောက်ပြန်ခြင်း

စုံတွဲတွေကြားမှာ တခါတရံ တစ်ယောက်နဲ့တစ်ယောက်မရည်ရွယ်ဘဲ လိမ်ညာလှည့်ဖျားမိတာက ခွင့်လွှတ်ပေးဖို့ အဆင်ပြေပေမယ့် မကြာခဏဖြစ်နေတာဆိုရင်တော့ ဒါဟာရေရှည်ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်။

သစ္စာဖောက်ခြင်းကို ကျော်လွှားပြီး ယုံကြည်မှုကို ပြန်လည်ဖန်တီးဖို့ဆိုတာ စုံတွဲတွေကြားမှာ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖောက်ပြန်တယ်ဆိုတာဟာ ဆက်ဆံရေးတစ်ခုရဲ့ အကြီးမားဆုံးအမှားတစ်ခုဖြစ်နေလို့ပါပဲ။

(၃) မိသားစုမှာ မပြေလည်တဲ့ ပြဿနာတွေရှိခြင်း

သင်နဲ့ သင့်လက်တွဲဖော်ကြားက ဆက်ဆံရေးကိုခက်ခဲစေတာက မိသားစုပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ဆင်းသက်လာတဲ့ မိသားစုတွေဆီကပြဿနာတွေကို လက်ရှိဆက်ဆံရေးမှာလက်ဆင့်ကမ်း သယ်လာမိတဲ့အခါ အခြေမခိုင်တဲ့ကိုယ်ပိုင်ဆက်ဆံရေးမျိုး ဖန်တီးမိနိုင်ပါတယ်။

ဒါ့ကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ဖို့ သင်နဲ့သင့် မိဘတွေကြားက ဆက်ဆံရေးကိုပြန်လည်သုံးသပ် သင့်ပါတယ်။

(၄) သင့်ကိုယ်သင်လေးစားမှုမရှိခြင်း

မိမိကိုယ်ကို လေးစားမှု နည်းပါးတာက သင့်ရဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်တာမဟုတ်ပေမယ့် ဘေးထွက်ဆိုးကျိုးတော့ ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုနည်းတဲ့သူတွေဟာ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းဖို့လည်း ခက်ခဲတတ်တယ်လို့ အချစ်ရေးအကြံပေးတွေက ဆိုပါတယ်။

ကိုယ့်ကိုယ်ကို လေးစားမှုနည်းတဲ့အခါ စိတ်မလုံခြုံခြင်း ၊ သဝန်တိုးခြင်းလို ခံစားချက်တွေပိုဖြစ်စေပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အတင်းအကြပ် ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီအခါမှာ သင့် Rs ရဲ့ ပြောဆိုဆက်ဆံရေးအပိုင်းတွေမှာပါ  ပိုမိုခက်ခဲလာနိုင်ပြီး  မကြာခဏဆိုသလို ရန်ဖြစ်စကားများရတာတွေနဲ့  ဆက်ဆံရေးတွေပြီးဆုံးသွားတတ်တာ ဖြစ်ပါတယ်။