ချစ်သူစုံတွဲတွေ ပြတ်စဲကွဲကွာရတဲ့ အကြောင်းတွေထဲမှာ ထိပ်ဆုံးနားကပါလာတဲ့ အချက်ကတော့ သစ္စာမစောင့်လို့ပါ။ တစ်ခြား ငွေကြေးအဆင်မပြေမှု ၊ သဘောထားမတိုက်ဆိုင်မှု ၊ သဝန်ကြောင်မှု စတဲ့ အချက်တွေကြောင့်လည်း စုံတွဲတွေ ပြတ်တတ်ပေမယ့် ဖောက်ပြန်လို့ပြတ်ရတဲ့ အချက်ဟာ အဆိုးဆုံးထဲမှာပါပါတယ်။

အမျိုးသားတစ်ယောက် သူနဲ့လက်တွဲနေတဲ့ ကောင်မလေးရှိလျက်နဲ့ တစ်ခြားတစ်ယောက်ကို စိတ်ကစားတဲ့အပေါ်မှာ အကြောင်းရင်း အများကြီး ရှိနိုင်ပြီး ဒီထဲကအရေးကြီးတဲ့ အချက် (၅) ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) နောက်ကောင်မလေးက ပိုပြီးဂရုစိုက်လို့

သက်တမ်းကြာရှည် တွဲလာတဲ့ စုံတွဲတစ်ချို့မှာ ပြဿနာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ဂရုစိုက်မှု နည်းလာတာပါပဲ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဂရုစိုက်မှုနဲ့နားလည်မှု နည်းလာချိန်မှာ ပထမဆုံး ငြီးငွေ့လွယ်တာကလည်း ယောင်္ကျားတွေပဲ ဖြစ်ပါတယ်။

ယောင်္ကျားတွေဟာ သူတို့ကို အရေးတယူမရှိတဲ့ အမျိုးသမီး တစ်ယောက်အပေါ် အကြာကြီး ငြိတွယ်ဖို့ခက်ပါတယ်။ တကယ်ချစ်လို့နှစ်ပေါင်းများစွာ သည်းခံချစ်တဲ့ အမျိုးသားတွေ အများကြီး ရှိပေမယ့် တကယ်တမ်းမှာ သူတို့လိုချင်တဲ့ ယုယမှုနဲ့အကြင်နာပေးနိုင်တဲ့ နောက်တစ်ယောက်ပေါ်လာရင် လက်ရှိအခြေအနေကနေ စွန့်ခွာဖို့သိပ်တွေးကြတာ မဟုတ်ပါဘူး။

(၂) စိတ်ကုန်လာလို့

အပေါ်က အချက်နဲ့မတူတာတစ်ခုက စိတ်ပျက်စရာ အချစ်ရေးမှာ တဝဲလည်လည် ကြုံချိန်မှာ ကိုယ့်သဘောဆန္ဒအရကို အပြင်တစ်ယောက်ယောက်ကို ကြိုက်မိသွားတာပါပဲ။ လူတွေဟာ သူတို့ကြုံနေတဲ့ ပြဿနာကို သက်သာသွားမယ်လို့ယူဆတဲ့ နည်းလမ်းတွေအတိုင်း ဖြေရှင်းတတ်ကြသလိုမျိုး စိတ်ကုန်စရာ ရည်းစားတစ်ယောက်ဆီကနေ ထွက်ပြေးချင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ယောင်္ကျားတွေ သူတို့ချစ်သူကို စိတ်ပျက်ရတဲ့ အကြောင်းတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ကောင်မလေး လိုချင်သမျှ မလုပ်ပေးနိုင်တာ ၊ ခဏခဏ အရစ်ခံရတာ ၊ တစ်ခြားသူတစ်ယောက်ကို စိတ်ကစားတာ စသည်ဖြင့် များပြားလွန်းတဲ့ အကြောင်းရင်းများကြောင့်လည်း ဖောက်ပြားချင်တဲ့ စိတ်တွေ ဝင်လာတတ်ပါတယ်။

(၃) အပြောင်းအလဲ လိုချင်လို့

ဒါဟာ အချစ်နဲ့မဆိုင်တော့ပါဘူး။ တစ်ချို့တွေမှာ ဉာဉ်ဆိုးတစ်ခု ရှိတတ်ပြီး အဲဒီဉာဉ်ကလည်း ရည်းစားဆို ထည်လဲတွဲချင်တယ်ဆိုတဲ့ ဉာဉ်မျိုးပါ။ သူတို့အတွက် သံယောဇဉ်နဲ့အတူတူ ဖြတ်သန်းခဲ့တဲ့ မှတ်ဉာဏ်တွေက ဘာတန်ဖိုးမှ မရှိဘူးလို့ခံယူထားတတ်ကြပါတယ်။

(၄) အဆက်ဟောင်းနဲ့ပြန်ဆုံလို့

ဖြစ်တတ်ပါတယ်။ ပြတ်ခဲ့တဲ့ ချစ်သူကိုအခွင့်သင့်လို့ပြန်ဆုံချိန်မှာ တိတ်တိတ်ကလေး လက်တွဲချင်တဲ့ သူတွေလည်း ရှိတတ်ပါ တယ်။ လက်ရှိ Relationship မှာ အဆင်မပြေတဲ့သူတွေဆို အဆက်ဟောင်းနဲ့ပြန်ဆုံရင် အရင်လို ပျော်ရွှင်ရမယ် ထင်လို့မှားလိုက်တာတွေလည်း အများကြီးပါပဲ။