ခရီးထွက်ခြင်းဟာ ကျွန်တော်တို့ကို လောကမြင်ကွင်း ချဲ့ပေးတဲ့ အရာ ဖြစ်ပါတယ်။ ခရီးသွားကြရာမှာ တစ်ချို့သူတွေဟာ အဖွဲ့လိုက် ဖြစ်ဖြစ် မိသားစုနဲ့ ဖြစ်ဖြစ် သွားကြလေ့ရှိသလို တစ်ချို့လည်း နှစ်ယောက်စု ၊ သုံးယောက်စုနဲ့ သွားကြလေ့ ရှိပါတယ်။ များသောအားဖြင့် တစ်ယောက်တည်း အပျော်ခရီးထွက်တာ ရှားပါတယ်။ တကယ်တော့ တစ်ယောက်တည်း သွားတဲ့ ခရီးစဉ်မှာလည်း အားသာချက်တွေ ရှိပါတယ်။

(၁) ညှိစရာ မလို ၊ ကြည့်စရာမလို

Photo: Shutterstock

အဖွဲ့လိုက်များ ခရီးသွားရပြီဆိုရင် လူညီရင် တော်သေးရဲ့။ လူမညီရင်တော့ ဟိုနေရာသွားဖို့ မဲဆွယ်ရ ၊ ဒါလေးလုပ်ဖို့ တိုက်တွန်းရနဲ့ ဇယားရှုပ်ပါတယ်။ အချင်းချင်းလည်း မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီး သွားရတာ ဖြစ်လို့ စိတ်ထဲမှာ ခရီးသွားတဲ့ အရသာကို အပြည့်အဝ မခံစားရပါဘူး။ တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးသွားတဲ့သူမှာတော့ တစ်ခုခု လုပ်ဖို့ ဘယ်သူ့ကိုမှ လိုက်ပြီး ညှိစရာမလိုသလို ဘယ်သူ့မျက်နှာကိုမှ လည်း ကြည့်စရာ မလိုတော့ပါဘူး။

(၂) ကိုယ့်လက် ကိုယ့်ခြေ ဖြစ်တယ်

Photo: Shutterstock

လက်ထဲမှာ ပါသမျှ ပိုက်ဆံဟာ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုအတိုင်း သွားမှာပါ။ ဘယ်သူ့အတွက်မှ စိုက်ပေးစရာ မလိုသလို ကိုယ့်ငွေနဲ့ကိုယ် ဘယ်လို သုံးရမလဲ ဘယ်လောက် သုံးရမလဲ ကိုယ်ပဲ ပိုင်ပိုင်နိုင်နိုင် သိမှာ ဖြစ်လို့ ငွေအပေါ် လေးစားမှုနဲ့ အသုံးချမှုက ပိုပြီး ထိရောက်လာပါလိမ့်မယ်။

(၃) ပိုပြီး စွန့်စားခန်း ဆန်မယ်

Photo: Shutterstock

ခရီးထွက်တယ်ဆိုတာ အသစ်ကို လက်ခံလိုက်တာပါပဲ။ မြင်နေကျ မဟုတ်တဲ့ မြင်ကွင်းတွေ တွေ့မယ် ၊ တွေ့နေကျမဟုတ်တဲ့ စရိုက်သဘာဝနဲ့ လူမှုပုံစံတွေ မြင်မယ်။ ဒီလိုပဲ အခက်အခဲနဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ရမှာပါ။

ဒီအချိန်မှာ ကိုယ်စွမ်းကိုယ်စကို အကောင်းဆုံး အသုံးချဖြစ်သလို ကိုယ်သွားတဲ့ ခရီးကလည်း အမှတ်ထင်ထင်နဲ့ ပြန်ပြောချင်စရာ ဇာတ်လမ်းသစ်တွေ ရလာပါလိမ့်မယ်။ ခရီးတစ်ခုကို တစ်ယောက်တည်း တစ်ခါထွက်တိုင်း လူဟာ ပိုပြီး ရင့်ကျက်လာမှာ သေချာပါတယ်။

(၄) ခရီးသွားခြင်းရသကို အပြည့်ဝဆုံး ခံစားရမယ်

Photo: Shutterstock

တစ်ယောက်တည်း ခရီးသွားသူဟာ ခရီးထွက်ခြင်းရဲ့ အကျိုးကျေးဇူးကို အဖွဲ့လိုက်ကြီး သွားတာထက် ပိုပြီး သိသိသာသာ ရရှိပါတယ်။ စိတ်ရှုပ်ထွေးမှုတွေ ၊ စိတ်ပင်ပန်းစရာတွေ ပိုပြီး သက်သာလာမယ်။

ခရီးထွက်လိုက်လို့ အမြင်တွေ ပြောင်းလဲတာ ၊ အမှတ်တရတွေ ရလာတာအပြင် ခရီးသွားမိတ်ဆွေသစ်တွေ ရလာတာနဲ့ လူမှုဆက်ဆံရေး ပညာ ပိုကျွမ်းကျင်တာတွေကို ပိုင်ဆိုင်လာမှာပါ။ အဖွဲ့လိုက် ခရီးတွေမှာတော့ ခေါင်းဆောင်သူနောက် မှေးလိုက်ကြရင်း ကိုယ်စွမ်းကိုယ်စလည်း သိပ်မထုတ် ဖြစ်သလို ထူးပြီးလည်း ခရီးသွားလို့ အကျိုးကျေးဇူး သိပ်ရမှာ မဟုတ်ပါဘူး။