အမျိုးအစားကောင်းတဲ့ ရေမွှေးသုံးနေပါရက်နဲ့ အနံက သိပ်ကြာကြာ မစွဲဘဲ ရနံ့ပြယ်သွားတာတွေ ကြုံဖူးကြမှာပါ။ ဒါက ရေမွှေးကြောင့်တော့ မဟုတ်ပါဘူး။ ရေမွှေးကို သုံးတဲ့ သိမ်းတဲ့ ပုံစံနဲ့လည်း ဆိုင်ပါသေးတယ်။

(၁) အသားအရေ အစိုဓါတ်မရှိခြင်း

ရေချိုးပြီးမှ ရေမွှေးဆွတ်ရင် အနံ့တော်တော်နဲ့ မပြယ်တာကို တွေ့ရမှာပါ။ ဒါက အသားအရေနဲ့ ရေမွှေးနံ့ ကြာကြာစွဲကပ်မှု အကြား အပြန်အလှန်ဆက်သွယ်ချက် တစ်ခုဖြစ်ပါတယ်။ ရနံ့တွေဟာ ခြောက်သွေ့တဲ့ အသားအရေတွေမှာ စွဲနေဖို့ ခက်ပါတယ်။ ဒါကြောင့်ပဲ ရေမွှေးကြာကြာ အနံ့စွဲနေဖို့ဆို ခန္ဓာကိုယ်မှာ အစိုဓါတ်ရှိအောင် အရင်လုပ်ပြီးမှ ရေမွှေးဖြန်းသင့်ပါတယ်။

(၂) ရေချိုးခန်းထဲ ထားထားခြင်း

ရေချိုးခန်းရဲ့ အပူချိန်ဟာ ခဏတိုင်း ပြောင်းလဲနေတာကြောင့် ရေမွှေးနံ့ ကြာကြာစွဲမှုကို ထိခိုက်နိုင်ပါတယ်။ ရေမွှေးပုလင်းကို သိမ်းထားသင့်တဲ့ နေရာဟာ အံဆွဲ ၊ ဗီရိုတို့လိုမျိုး အေးမြပြီး မှောင်တဲ့နေရာမျိုး ဖြစ်သင့်ပြီး အဲကွန်းနဲ့ အပူထုတ် ပစ္စည်းတွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။

(၃) ရေမွှေးဆွတ်တဲ့ နေရာမှားခြင်း

အပူဟာ ရေမွှေးနံ့ကို ပိုသင်းပျံ့လာစေပါတယ်။ ဒါကြောင့် ရေမွှေးဆွတ်မယ်ဆိုရင် ကိုယ်ခန္ဓာက အပူထုတ်မှု အများဆုံးဖြစ်တဲ့ လက်ကောက်ဝတ်၊ လည်ပင်း နဲ့ ဒူးနောက်ပိုင်းတို့လိုမျိုး သွေးခုန်မှုများတဲ့ နေရာတွေမှာ ဆွတ်ပေးသင့်ပါတယ်။

(၄) ရေမွှေးသုံးမှု မှားခြင်း

အေးမြတဲ့ ဆောင်းရာသီမျိုးမှာ ဆွဲဆောင်မှုရှိတဲ့ အနံ့ခပ်အီအီ ရေမွှေးမျိုး သုံးသင့်ပြီး နွေရာသီမှာ သံပုရာနံလို သင်းတဲ့ ရေမွှေးမျိုးပဲ သုံးသင့်ပါတယ်။ ဒီတော့ အကောင်းဆုံးက နွေရာသီအတွက် ရေမွှေးတစ်မျိုးနဲ့ ဆောင်းရာသီအတွက် ရေမွှေးတစ်မျိုးဆိုပြီး ရာသီအလိုက် ပြောင်းလဲ အသုံးပြုမယ်ဆိုရင် ရေမွှေးနံ့ဟာ ကြာကြာ စွဲပြီး ခံနေမှာ ဖြစ်ပါတယ်။