ဘဝရှေ့ရေးအတွက်ပဲဖြစ်ဖြစ် အခုထက်ပိုပြီး ကိုယ့်အရည်အချင်းကို ပြနိုင်တဲ့နေရာ သွားချင်လို့ပဲဖြစ်ဖြစ် အလုပ်သစ်ရှာဖို့ စီစဉ်နေတယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေကို ကြိုပြီးဖြည့်ဆည်းထားဖို့ အကြံပြုချင်ပါတယ်။

(၁) အချိန်ယူပါ

အလုပ်သစ် မဖြစ်မနေ ရှာတော့မယ်ဆိုရင် အနည်းဆုံး တစ်လ ၊ တစ်လခွဲ အချိန်ယူပြီး ပြင်ဆင်ဖို့ လိုပါတယ်။ အလုပ်ရှာတာကိုတော့ ဒီနေ့ခေတ်မှာ Online Job portal တွေကနေ အလွယ်ရှာလို့ ရပြီ ဖြစ်သလို ကိုယ့်ရဲ့ အသိုင်းအဝိုင်း လုပ်ငန်းနယ်ပယ်တူထဲက အသိတွေကနေ တစ်ဆင့် အလုပ်သစ် ရှာလို့ ရပါတယ်။

အလုပ်သစ်မရခင် စပ်ကြားအတွင်းမှာ ကိုယ့်ကိုယ်ကို Upgrade လုပ်နိုင်တဲ့ Skill တွေ ဖြည့်တာ ၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို စိတ်တိုင်းကျ ရှာဖွေတာအပြင် ကိုယ့်စိတ်ကိုယ်လည်း ပြင်ဆင်ထားဖို့ လိုပါတယ်။

(၂) Resume ကောင်း ဖန်တီးပါ

အလုပ်လျှောက်ရာမှာ Resume တစ်ခုရဲ့ တာသွားမှုကို အမြဲခေါင်းထဲ ထည့်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ၊ ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကအစ ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်တွေအကြောင်း ထိထိရောက်ရောက် မိတ်ဆက်ပြသနိုင်ရင် ကိုယ့်အလုပ်ရှင်သစ်ရဲ့ စိတ်ဝင်စားမှုကို ရမှာပါ။

(၃) အသစ် ဖြည့်ထားပါ

အလုပ်သစ်မှာ လိုအပ်မယ့် အတတ်ပညာတွေ ကျွမ်းကျင်မှုတွေ ကိုယ့်မှာ ရှိနေပြီလား ပြန်ကြည့်ပါ။ ဘာတွေ ထပ်ပြီး လေ့လာမွမ်းမံရဦးမလဲ။ ဘာသာစကားလား ၊ Certificate လား ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် Upgrade တစ်ခုခုလား။ ဒါတွေ ဖြည့်ထားရင် အလုပ်သစ်ကို ခေါင်းမော့ပြီး ဝင်နိုင်မှာပါ။

(၄) ထောက်ခံချက်ယူထားပါ

ကိုယ့်အရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံတွေပေါ် ထောက်ခံချက်ပေးမယ့် အထက်လူကြီးတစ်ယောက်ယောက်ဖြစ်စေ သူဌေးပဲဖြစ်စေ နောက်ဆုံး လေးစားလောက်တဲ့ ဆရာတစ်ယောက်ယောက်ဆီကဖြစ်စေ ထောက်ခံချက် ယူထားဖို့ တိုက်တွန်းချင်ပါတယ်။

ဒီလို လူကြီးတွေရဲ့ ထောက်ခံချက်တစ်စောင်ဟာ အလုပ်သစ် ရှာသူချင်းအကြားမှာ ကိုယ့်ကို အရင်ဦးစားပေးစရာ ဖြစ်လာပါလိမ့်မယ်။