လူမှုဆက်ဆံရေးမှာ ဆက်သွယ်ရေးချိတ်လေးတွေထဲက ပြုတ်သွားရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲပြီး ပြဿနာတွေပဲ တက်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ရှောင်ကြဉ်ဖို့ ကြိုပြီး ပြင်ဆင်ထားသင့်တဲ့ ဆက်ဆံရေးအမှား တချို့အကြောင်း ပြောပြလိုက်ပါတယ်။

(၁) ပွင့်လင်းမှု အရင်းခံထားပါ

နဂိုကတည်းက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မြုံမထားသင့်တဲ့ အချက်တွေကို အေးအေးလူလူ ဖြေရှင်းမယ်။ နှစ်ဦးနှစ်ဖက် စည်းမကျော်သင့်တဲ့အချက်တွေ သေချာသတ်မှတ်ထားမယ်ဆိုရင် နားလည်မှုလွဲတာမျိုး အဖြစ်နည်းပါမယ်။

ရေရှည်လက်တွဲနိုင်တဲ့ ဆက်ဆံရေးဆိုတာ ရိုးသားမှု ၊ အချင်းချင်း အချိတ်အဆက်ရှိမှုနဲ့ တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံပေါင်းသင်းမှုတွေ မရှိလို့ မဖြစ်ပါဘူး။

(၂) အပြန်အလှန် လေးစားမှု ၊ လမ်းကြောင်းနဲ့ မျှော်မှန်းချက်တို့ ပျိုးထောင်ပါ

နားလည်မှု မလွဲချင်ရင် နောက်ထပ် ရှိထားသင့်တဲ့အချက်က Mutual Respect ဆိုတဲ့ အပြန်အလှန်လေးစားမှု ၊ စိတ်ချင်းအပ်စပ်မှုတို့ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်နဲ့ခံယူချက်ချင်း တူမျှလာရင် အပြန်အလှန်လေးစားလာနိုင်ပါတယ်။ အပြန်အလှန်လေးစားရိုသေခြင်းဟာ သေတပန် သက်တဆုံး မိတ်ဆွေတွေဖြစ်စေတဲ့ အဓိကအကြောင်းတစ်ရပ်ဖြစ်ပြီး ဆက်ဆံရေးတွေလည်း ပိုလို့ ချောမွေ့လာစေပါတယ်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် နီးစပ်တဲ့ ဘဝရည်မှန်းချက်တွေ ၊ မျှော်မှန်းချက်နဲ့ လိုအင်တူတာတွေ ရှိသလား ရှာဖွေပါ။ ပြီးရင် လေးစားစရာအချက်တွေ ရှာပြီး အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံရေးတည်ဆောက်ပါလို့ ပြောချင်ပါတယ်။

(၃) သင့်ခံစားချက်ကို တာဝန်ယူပါ

တစ်ယောက်ယောက်နဲ့ ဆက်ဆံတဲ့အခါ ကိုယ်ပြောမယ့်စကားတွေကို သေချာသိပြီး ရွေးချယ်သုံးနှုန်းတတ်ပါစေ။ တစ်ဖက်လူ ဘယ်လိုတွေးထင်ယူဆနေမယ်ဆိုတာမျိုး မှန်းဆကြည့်တာမျိုး ရှောင်ပါ။ ဒီလိုမျိုး ကိုယ့်ဘာသာ တစ်ဖက်သတ်ထင်နေတဲ့ အထင်တွေက ဆက်ဆံရေးအဖုအထစ်တွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အရင်ဆုံး တစ်ဖက်လူကို မဆက်ဆံခင် ကိုယ့်ခံစားချက်ကို သေချာထိန်းချုပ်ကိုင်တွယ်တတ်ဖို့ သင်ယူပါ။ ပြီးရင် ကိုယ်ဘယ်လိုမြင်တယ်/တွေးမိတယ်ဆိုတာကို စကားလုံးသေချာရွေးပြီး ပြောဆို ဆက်သွယ်ပါ။ ဒါဆို တစ်ဖက်သားနဲ့ နားလည်မှုလွဲတာမျိုး အဖြစ်နည်းစေနိုင်ပါတယ်။

(၄) တစ်ဖက်သားကောင်းကွက် ရှာပြီး ချီးကျူးတတ်ပါစေ

တစ်ဖက်လူကို အသိအမှတ်ပြု ချီးကျူးတတ်ခြင်းဟာ ဆက်ဆံရေးပညာကျွမ်းကျင်သူတို့ရဲ့ လက်သုံးနည်းလမ်းပါပဲ။ မှန်မှန်ကန်ကန် ချီးကျူးကျေးဇူးတင်တတ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ ပိုလို့ ရင်းနှီးဖော်ရွေသွားစေပါတယ်။ ဘယ်သူမဆို ကိုယ့်ကို အလေးအနက်ထားတာကို မကြိုက်ဘဲ မနေနိုင်ပါဘူး။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း ကိုယ်က အလေးထားမှုပြခြင်းအားဖြင့် တစ်ဖက်လူကလည်း ကိုယ့်ကို လေးလေးစားစား ပြန်ဆက်ဆံလာမှာ အမှန်ပါပဲ။