အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာ အရေပြားပေါ်မှာ ဝက်ခြံနဲ့ အမာရွတ်တွေ ကင်းစင်ပြီး ကြည်လင်ရှင်းသန့်တဲ့ မျက်နှာအသားရေလေးကို ပိုင်ဆိုင်ချင်ကြသူတွေ ချည်းပါပဲ။ ဒါပေမယ့် ဝက်ခြံပြဿနာဟာ အရွယ်ရောက်လာသူတိုင်း မလွဲမသွေကြုံတွေ့ရတဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဝက်ခြံတွေ ပျောက်သွားရင်တောင်မှာ မျက်နှာအရေပြားပေါ်မှာ စိတ်ညစ်ညူးစရာ ဝက်ခြံအမာရွတ်တွေ ထင်ကျန်နေတတ်ပါတယ်။ ဒီလို ဝက်ခြံအမာရွတ်တွေကို သက်သာစေဖို့ အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပျားရည်

ပျားရည်ဟာ ဝက်ခြံပြဿနာနဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေမယ့် အထိရောက်ဆုံး သဘာဝ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ ပျားရည်ဟာ အရေပြားဆိုင်ရာ ဒဏ်ရာတွေအတွက် အနာကျက်မြန်စေပြီး အမာရွတ်ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဝက်ခြံကြောင့် အရေပြားပေါ်မှာ ထင်ကျန်ခဲ့တဲ့ အမာရွတ်နေရာတွေကို ပျားရည် ခပ်ပါးပါး လိမ်းပေးခြင်းဖြင့် ဝက်ခြံအမာရွတ်တွေ သိသိသာသာ သက်သာပျောက်ကင်းလာစေမှာ ဖြစ်ပါတယ်။

(၂) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာလည်း ပျားရည်လိုပဲ အရေပြားဆိုင်ရာ ပြဿနာတွေအတွက် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ်ပါတယ်။ အရေပြား ရောင်ရမ်းခြင်းနဲ့ နီးမြန်းခြင်းတွေကို လျော့ကျ သက်သာစေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်နဲ့ ထုတ်ထားတဲ့ ထုတ်ကုန်တွေ အလွယ်တကူ ဝယ်လို့မရဘူးဆိုရင်တောင် ရှားစောင်းလက်ပတ်အပင်ကရတဲ့ သဘာဝဂျယ်ကို လိမ်းပေးရုံနဲ့ ဝက်ခြံ အမာရွတ်တွေကို လျော့ပါးသက်သာလာစေမှာ ဖြစ်ပါတယ်။

(၃) သံပုရာသီး

ဝက်ခြံအမာရွတ်အတွက် နောက်ထပ်အသုံးဝင်တဲ့ အိမ်တွင်း ကုထုံးတစ်ခုကတော့ သံပုရာသီးပါပဲ။ သံပုရာသီးဟာ ဝက်ခြံနဲ့ ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေကို ပျောက်ကင်းသက်သာစေပြီး အသားအရေမညီမညာ ဖြစ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် သံပုရာသီးမှာ အက်စစ်ဓာတ်မြင့်မားစွာပါဝင်တာကြောင့် ဝက်ခြံအမာရွတ်တွေအပေါ် လိမ်းတဲ့အခါ သံပုရာရည်အစက် အနည်းငယ်သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ၁၀ မိနစ်လောက်နေရင်တော့ မျက်နှစ်သစ်လိုက်ပါ။

(၄) ပန်းသီးရှာလကာရှည်

ပန်းသီးရှာလကာရှည်ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးရုံမက အသားအရေ ထိန်းသိမ်းမှုဆိုင်ရာအတွက်လည်း အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေဖို့ဆိုရင်တော့ ပန်းသီးရှာလကာရှည်ကို ပျားရည်အနည်းငယ်ရောစပ်ပြီး အမာရွတ်ရှိတဲ့နေရာတွေကို လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်လောက်နေရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ တစ်ရက်ကို ၂ ကြိမ်ခန့်ပြုလုပ်မယ်ဆိုရင် သိသာတဲ့ ရလဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။