ဘဝမှာ အောင်မြင်မှုရဖို့အတွက် အဓိကသော့ချက်တွေ လိုအပ်ပါတယ်။ အဲ့သော့ချက်တွေထဲက အရေးကြီးတဲ့ သော့ချက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် ကြည်မှုရှိဖို့ပါပဲ။

တိကျမှန်ကန်ပါစေ

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့လိုပါတယ်။ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်တဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သေချာပေါက်မြင့်မားလာပါလိမ့်မယ်။

စဉ်းစားတွေးခေါ်မှုရှိပါစေ

ကြုံတွေ့လာတဲ့ကိစ္စရပ်တွေပေါ်မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့အတွက်က လေးနက်တဲ့တွေးခေါ်မှုတွေလိုပါတယ်။ အရာရာတိုင်းကို သေချာစဉ်းစားတွေးခေါ်တဲ့ အကျင့်ကနေ ဘဝအတွက်ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကို မွေးဖွားပေးနိုင်ပါလိမ့်မယ်။

ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်တတ်ပါစေ

အလုပ်ကိစ္စဖြစ်စေ၊ လူမှုရေးကိစ္စဖြစ်စေ လူအများနဲ့ပြောဆိုဆက်ဆံရတဲ့အခါ တိကျပြတ်သားမှုတွေရှိပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ သူတစ်ယောက်မှာ မပြတ်သားတဲ့တွေဝေမှုတွေ မရှိသင့်ပါဘူး။

ဗဟုသုတနှံ့စပ်ပါစေ

လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့အခါမှာ ဗဟုသုတပြည့်စုံတဲ့သူတစ်ယောက် ဖြစ်နေပါစေ။ ပြင်ပဗဟုသုတတွေ၊ စာပေဗဟုသုတတွေ ပြည့်ဝနေတဲ့အခါ စကားပြောဆိုရာမှာ ပိုမိုရဲရင့်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ တိုးပွားလာမှာပဲဖြစ်ပါတယ်။