Relationship တစ်ခုဟာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်မှု ၊ ခွင့်လွှတ်မှုနဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အချက်လေးတွေအပေါ် အခြေခံပြီး တည်ဆောက်ကြရတာ ဖြစ်ပါတယ်။ စုံတွဲတိုင်း ပျော်စရာအချိန်လေးတွေရှိသလို အဆင်မပြေမှုလေးတွေနဲ့ ကတောက်ကဆဖြစ်ရတဲ့ အချိန်လေးတွေလည်း ရှိကြတာပါပဲ။

တစ်ချို့အရာတွေက ချစ်သူနှစ်ဦးကြားမှာ မပြောပလောက်တဲ့ ပြဿနာလေးတွေဖြစ်ပေမယ့် တချို့အရာတွေကတော့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို အဆုံးသတ်သွားစေတဲ့အထိ ဆိုးကျိုးများပါတယ်။

အခုပြောပြမှာကတော့ Relationship တစ်ခုမှာ မိန်းကလေး တော်တော်များများ သည်းမခံနိုင်တဲ့အရာတွေ အကြောင်းပါ။

(၁) ထပ်ခါထပ်ခါ လိမ်နေတာ

ရိုးသားမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုက ရေရှည်တည်တန့်နိုင်ဖို့ ခဲယဉ်းပါတယ်။ အချိန်တိုင်းနီးပါး လိမ်ညာခံနေရတဲ့ အချစ်ရေးတစ်ခုမှာ ဘယ် ချစ်သူ ကောင်မလေးကမှ ပျော်နေနိုင်မှာ မဟုတ်ပါဘူး။

မုသားစကားတွေ ထပ်ခါထပ်ခါ ပြောဆိုပြီး လိမ်ညာနေခြင်းဟာ မိန်းကလေးတွေအတွက် သံသယစိတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံခြင်းတွေ ခံစားရစေပြီး ဒီ Relationship ကို အမြန်ဆုံး လက်လွှတ်ဖို့ စဉ်းစားပါလိမ့်မယ်။

(၂) ထိန်းချုပ်ခံရတာ

ချစ်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ ထိန်းချုပ်ကိုင်တွယ်လိုစိတ်တွေ ပါနေရင်တော့ အချစ်လို့ ခေါင်းစဉ်တပ်လို့ မရတော့ပါဘူး။ ချစ်လို့ ဘယ်မသွားရဘူး ၊ ဘာမလုပ်ရဘူး စသည့်ဖြင့် ချုပ်ခြယ်လွန်းတာဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးမထားရာ ရောက်ပါတယ်။

တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူရဲ့ လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားပြီး ကိုယ်စိတ်တိုင်းကျ ထိန်းချုပ်ကိုင်တွယ်လိုစိတ် အတင်းအကျပ် ချုပ်ခြယ်လိုစိတ်တွေ မရှိဖို့ လိုပါတယ်။

(၃) စိတ်ပိုင်း/ရုပ်ပိုင်း အကြမ်းဖက်တာ

မိန်းကလေးတွေဟာ ကိုယ့်ချစ်ရသူဆီကနေ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုကို အဓိက လိုချင်ကြတာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်မှုတွေဟာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လိုမှ သည်းမခံနိုင်စရာ ကိစ္စရပ်တွေ ဖြစ်သလို ယောကျာ်းကောင်းမဟုတ်တဲ့ ယောကျာ်းတွေရဲ့ ရုပ်ညံ့တဲ့ အပြုအမူ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

(၄) ဖောက်ပြန်တာ

သစ္စာမရှိခြင်းကတော့ Relationship တစ်ခုမှာ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်စရာ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲ ချစ်မြတ်နိုး တန်ဖိုးထားပါတယ် ပြောပြော ဖောက်ပြန်လိုက်တဲ့ လုပ်ရပ်တစ်ခုက ချစ်သူနှစ်ဦးရဲ့ တည်ဆောက်ခဲ့သမျှ အရားအားလုံးကို ဖြိုဖျက်ပျက်စီးသွားစေမှာပါ။

ကိုယ်ချစ်သူကောင်မလေးကို တကယ်ချစ်မြတ်နိုး တန်ဖိုးထားတယ်ဆိုရင် သစ္စာရှိရှိချစ်နေဖို့ အရေးကြီးပါတယ်။ ဖောက်ပြန်တယ်ဆိုတာက ဘဝမှာ တစ်သက်လုံး အမှတ်ရနေမယ့် သေရာပါအမဲစက်ကြီး တစ်ခုပါပဲ။