ခြောက်သွေ့သည့်နှုတ်ခမ်းသားများသည် မကြာခဏကွဲအက်ပြီး နာကျင်ဝေဒနာခံစားရတတ်ပါတယ်။ နှုတ်ခမ်းသားတွေ ကွာကျပြီး အလွယ်တကူကွဲအက်သွေးထွက်ပါတယ်။ ရာသီဥတု၊ ရေဓာတ်ကုန်ခန်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် အဓိကဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုသို့လက္ခဏာရပ်များ ဖြစ်ပေါ်လာတာကို သေသေချာချာမကုသပါက နာကျင်ဝေဒနာခံစားရသည့် အခြေအနေတွေကို ပေါ်ပေါက်လာစေနိုင်ပါတယ်။

ထို့ကြောင့် ယခုဖော်ပြမည့် အိမ်တွင်းနည်းလမ်းလေးတွေကို အသုံးပြုပြီး ခြောက်သွေ့တဲ့နှုတ်ခမ်းတွေကို အလွယ်တကူသက်သာရာရအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

သကြား+ပျားရည်

သကြားသည် အသားအရေရှိဆဲလ်သေများကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားများ နူးညံ့စိုပြေမှုရှိအောင် ပျားရည်ကဆောင်ရွက်ပေးပါတယ်။ သကြားနှစ်ဇွန်းကို ပျားရည်တစ်ဇွန်းဖြင့် ရောမွှေကာ နှုတ်ခမ်းကိုလိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးနောက် ရေဖြင့်ဆေးချနိုင်ပါတယ်။

လက်ဖက်ရည်ကြမ်းအိတ်

နှုတ်ခမ်းသားများကို အစိုဓာတ်ရှိရန်ကူညီပေးပြီး ရေဓာတ်ပြည့်နေစေပါတယ်။ လက်ဖက်ရည်ကြမ်းအိတ်ကို ရေနွေးခွက်ထဲတွင် တစ်မိနစ်ကြာစိမ်ပေးပြီး နှုတ်ခမ်းသားပေါ်သို့ ၅-၁၀ မိနစ်ခန့်တို့ပေးခြင်းကို နေ့စဉ်လုပ်ဆောင်ပေးပါက အကောင်းဆုံးရလဒ်တွေကို ရရှိနိုင်မှာပါ။

အုန်းဆီ

နှုတ်ခမ်းလွှာကို အစိုဓာတ်ပေးစွမ်းရာတွင် အထိရောက်ဆုံးဆီတစ်မျိုးဖြစ်တာကြောင့် အက်ကွဲခြင်း၊ ခြောက်သွေ့ခြင်းမှကာကွယ်နိုင်ပါတယ်။ အုန်းဆီအနည်းငယ်ကို နှုတ်ခမ်းသားအပေါ်တွင် နှိပ်နယ်ပေးပြီး ဒီအတိုင်းထားပေးပါ။ တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးပါက အကောင်းဆုံးပါပဲ။

သံပရာရည်+ခရင်မ်

သံပရာရည်သည် အသားအရေကို ပြန်လည်ဖြည့်တင်းပေးကာ ခရင်မ်သည်လည်း နှုတ်ခမ်းသားကို ချောမွတ်ပြီး ပန်းနုရောင်သမ်းလာစေမှာဖြစ်ပါတယ်။ ခရင်မ်တစ်ဇွန်းကို သံပရာရည် ၄-၅ စက်ဖြင့် ရောစပ်မွှေ၍ ရေခဲသေတ္တာအတွင်း တစ်နာရီခန့်ထားပေးပါ (မာကြောလာသည်အထိ)။ အိပ်ရာသို့မဝင်ခင် နှုတ်ခမ်းသားအပေါ်လိမ်းခြယ်၍ တစ်ညထားပြီးသည့်အခါမှာ အကောင်းဆုံးသော ရလဒ်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။