ဝိတ်ချပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်တာက ဘဝမှာ လုပ်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိန်းကလေးအများစုက ဝိတ်ချပြီး ကိုယ့်ကိုကိုယ် ပြောင်းလဲချင်ကြပါတယ်။ သင်က လက်ရှိမှာ ဗိုက်အဆီရှိရင် ဝိတ်ကျချင်တဲ့စိတ်က ပိုရှိမှာပါ။ ဒီတော့ မနက်ဖြန်ကစပြီး ဝိတ်ချမယ်လို့ စဉ်းစားထားတဲ့ မိန်းကလေးတွေ ဒီအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ အစားအသောက်ပုံစံ

ဝိတ်ကျချင်ရင် လေ့ကျင့်ခန်း တစ်ခုတည်းနဲ့ မရပါဘူး။ အစားအသောက်ကိုပါ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်၊ အစေ့အဆံ စတာတွေကို များများစားပေးရပါမယ်။ ဒီလိုစားတဲ့အခါ ကိုယ်နှစ်သက်တဲ့ အစားအစာတွေကို ရွေးထုတ်ပြီး စားနိုင်ပါတယ်။ ကိုယ်နှစ်သက်ရာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ကြိုစဉ်းစားထားပြီး ဘယ်နေ့ ဘာစားမယ် ကြိုစာရင်းလုပ်ထားသင့်ပါတယ်။

၂။ ဖြည်းဖြည်းချင်းသွားပါ

ဝိတ်ကျချင်တဲ့စိတ်နဲ့ သုံးရက်အတွင်း တစ်ပတ်အတွင်းတွေ ကိုယ့်ကိုကိုယ် မကန့်သတ်သင့်ပါဘူး။ ဒီလိုလုပ်တာတွေက သင့်ကို ပိုဖိအားများစေပါတယ်။ ဝိတ်ချတဲ့ ဖြစ်စဉ်က ဖြည်းဖြည်းချင်း ပြင်ယူ လေ့ကျင့်သွားသင့်တဲ့အရာပါ။ ဥပမာ ကျန်းမာရေးနဲ့ ညီညွတ်တာကို နေ့တိုင်း မစားဘဲ တစ်ပတ်မှာ တစ်ရက်လောက် စ စားတာမျိုးပါ။

၃။ အဓိပ္ပာယ်ရှိတဲ့ ပန်းတိုင်တွေ သတ်မှတ်ပါ

ခဏတဖြုတ်အမြန် ဝိတ်ကျတဲ့ နည်းလမ်းတွေက ခဏတာ အတွက်ပဲ ပိန်သွားတာပါ။ ပြီးရင် ဝိတ်ပြန်တက်လာနိုင်ပါတယ်။ တစ်ပတ်မှာ ၂ ပေါင် ၃ ပေါင် စသဖြင့် ကိုယ်တတ်နိုင်သလောက်ပဲ စလုပ်သင့်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့အကန့်အသတ်ထက် ကျော်လုပ်တာမျိုး မလုပ်သင့်ပါဘူး။

၄။ မိတ်ဆွေတွေနဲ့အတူ ဝိတ်ချပါ

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အလုပ်တူတူ လုပ်တာက ပိုပြီးမြောက်စေပါတယ်။ ဝိတ်ချတဲ့အခါမှာလည်း ကိုယ်နဲ့စိတ်တူကိုယ်တူ ရှိတဲ့ သူငယ်ချင်းတွေနဲ့ လက်တွဲသင့်ပါတယ်။ သူငယ်ချင်းနဲ့ Gym အတူ သွားတာမျိုး၊ လမ်းအတူ လျှောက်တာမျိုး၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားတာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းနဲ့ အတူ ဝိတ်ချတာက သင့်ကို ပို အားတက်စေပါတယ်။

၅။ ကိုယ်စားတာကို ဂရုတစိုက် လိုက်ကြည့်ပါ

တစ်နေ့တာမှာ ကိုယ်ဘာတွေ စားခဲ့လဲ ကိုယ့်ကိုကိုယ် ဆန်းစစ်နေဖို့လိုပါတယ်။ အဆီများတဲ့ အစားအသောက်ကို စားမိရင် ကျန်တဲ့အချိန်မှာ ဘယ်လိုလျှော့စားမယ်ဆိုပြီး တွေးထားသင့်ပါတယ်။ ကိုယ်စားတာကို စာအုပ်ထဲ မှတ်ထားနိုင်သလို Phone Application တွေနဲ့လည်း မှတ်သားနိုင်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပါ

ဒါကတော့ ပျိုမေတိုင်း မပြောလည်း သိမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်ရည်ရွယ်တဲ့ တစ်နေရာပဲ ကွက်လုပ်နေလို့ မရပါဘူး။ တစ်ကိုယ်လုံးစာ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တာ စားပေးမယ်ဆိုရင် သင် လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို ရရှိလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar