ကိုယ်အလေးချိန်ကျဖို့အတွက်ဆို ဝိတ်ချတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုသလို ဝိတ်ကျအောင်လည်း စားပေးဖို့ လိုပါတယ်။ ဝိတ်ကျအောင် စားတော့မယ်ဆိုရင် စားရမယ့် အစားအစာနဲ့ စားသောက်တဲ့ပုံစံလေးတွေ စနစ်ကျအောင်လည်း ဂရုစိုက်ရမှာပါ။

ဒီဆောင်းပါးမှာတော့ ဝိတ်ကျစေဖို့ ဗိုက်ထဲ ဘာမှ မစားထားသေးတဲ့အချိန်မှာ စားပေးသင့်တဲ့ အစားအသောက်တစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိသေးတဲ့ မနက်တိုင်းမှာ အခုပြောမယ့် အစားအစာတွေ စားပေးခြင်းအားဖြင့် ဝိတ်အကျမြန်စေမှာပါ။

(၁) သင်္ဘောသီး

မနက်ခင်း ဗိုက်‌ဟောင်းလောင်း ဖြစ်နေတုန်း သင်္ဘောသီးတစ်ဖန်ခွက်လောက် သောက်ပေးပါ။ သင်္ဘောသီးမှာ ကယ်လိုရီအလွန်နည်းပါးပြီး ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ် အတော်လေး မြင့်မားပါတယ်။ ဒါကြောင့် အဆီသိုလှောင်မှု လုံးဝမရှိတာကြောင့် အစာအိမ်ဗလာကျင်းနေတုန်း စားပေးဖို့ သင့်ပါတယ်။ တစ်ဖန်ခွက်စာထက်တော့ ပိုမသောက်သင့်ပါဘူး။

(၂) Oatmeal Water

Oatmeal water ဆိုတာ ရေ ၃ ဆ Oatmeal ၁ ဆရောစပ်ထားတဲ့ အရည်ကို ပြောတာ ဖြစ်ပါတယ်။ ဗိုက်ဟောင်းလောင်း အနေအထားမှာ စားပေးခြင်းအားဖြင့် အလွန်အကျွံစားချင်စိတ် ပြေပျောက်စေပြီး အူသိမ်နံရံတွေက အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ Lecithin ဓါတ်ကြွယ်ဝလို့ အစာချေဖျက်စနစ် ပိုကောင်းစေပါတယ်။

(၃) ပန်းသီး

ဝိတ်ကျပြီး ကိုယ်အလေးချိန်ကျစ်လျစ်စေချင်ရင် ပန်းသီးကို ဓါတ်စာအဖြစ် စားပေးနိုင်ပါတယ်။ မနက်စောစော ဘာမှ မစားရသေးခင် ပန်းသီးတစ်လုံး စားပေးခြင်းဟာ ကိုယ်အ‌လေးချိန် ကျန်းမာကျစ်လျစ်အောင် ကူညီပေးနိုင်ပါတယ်။

(၄) အယ်လ်မွန်

အိန္ဒိယမှာ အယ်လ်မွန်လက်တစ်ဆုပ်စာကို မနက်တိုင်း စားပေးတတ်တဲ့ ဓလေ့ရှိပါတယ်။ ကျန်းမာစေဖို့ ရည်ရွယ်ချက်နဲ့ စားပေးတာ ဖြစ်ပါတယ်။ အယ်လ်မွန်ဟာ ဦးနှောက်စွမ်းအား မြင့်မားစေသလို ကိုယ်အလေးချိန်လည်း ကျအောင် ကူညီပေးနိုင်တယ်လို့ သုတေသနတွေက ထောက်ခံထားပါတယ်။ အယ်လ်မွန်စားမယ်ဆိုရင် တစ်ညလုံး ရေစိမ်ပြီး မနက်ကျမှ အခွံသင်ပြီး စားပေးသင့်ပါတယ်။

(၅) Wholegrain Bread

သဘာဝဂျုံကောက်ပဲသီးနှံကနေ ထုတ်ထားတဲ့ ပေါင်မုန့်ကြမ်းဟာ ပြည့်ဝဆီနည်းပါးပြီး အမျှင်ဓါတ်မြင့်မားပါတယ်။ ဒါ့ကြောင့်ပဲ သင့်ရဲ့ မနက်စာမှာ Wholegrain Bread ကို စားပေးသင့်တာ ဖြစ်ပါတယ်။