လမ်းခွဲခြင်းဆိုတာ လူတိုင်းလိုလို ဖြတ်သန်းရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ တချို့သူတွေအတွက် လမ်းခွဲခြင်းက လွယ်ကူမြန်ဆန်ပေမယ့် တချိုတွေအတွက်ကတော့ အချိန်တစ်ခုအထိ ခံစားချက်တွေ အနည်ထိုင်ဖို့ စောင့်ရတတ်ပါတယ်။

အချိန်ကြာကြီးပဲဖြစ်ဖြစ် ခဏလေးပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါ တကယ်ချစ်တဲ့သူတွေအတွက်ကတော့ ထိခိုက်နာကျင်ရတာပဲ မဟုတ်လား။

ဒါ့ကြောင့် လတ်တလောကမှ အချစ်ကိုကျောခိုင်း လမ်းခွဲထားခဲ့တဲ့သူတို့ ရှိတယ်ဆိုရင် ခဏပဲဖြစ်ဖြစ် စိတ်သက်သာရာရအောင် အခုပြောပြမယ့်အချက်တွေကို လိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ကိုယ်ယုံကြည်ရသူတွေ ဒါမှမဟုတ် နောက်ပြန်မတွေ့ရတော့မယ့် သူစိမ်းတွေကို ရင်ဖွင့်လိုက်ပါ

ပြတ်ဆဲထားတဲ့ ဆက်ဆံရေးတစ်ခုက သိပ်မကြာသေးဘူးဆိုရင် ဒါကို ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးကူညီနိုင်တာက ထုတ်ပြောလိုက်ဖို့ပါပဲ။ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် ကိုယ့်ကို နားလည်မှုပေးနိုင်မယ့် မိဘတွေဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့သူတွေက ကိုယ်နာကျင်နေတာကိုသိရင် နားထောင်ပေးချင်ကြမှာပါ။

တစ်ခါတစ်လေ ခရီးသွားဟန်လွှဲတွေ့တဲ့ အသိမိတ်ဆွေတွေကိုလည်း သူတို့ နားထောင်ချင်တယ်ဆိုရင် ရင်ဖွင့်ပြောပြလို့လည်း အဆင်ပြေပါတယ်။

(၂) ကိုယ့်ကိုယ်ကို လေးစားမှုကို ပြန်လည်တည်ဆောက်ပါ

ချစ်သူက ကိုယ့်ကိုလမ်းခွဲမယ်လို့ ပြောလာတဲ့အခါ ငါက ရုပ်ဆိုးလို့လား၊ စိတ်ထားမကောင်းလို့လား၊ ပိုက်ဆံများများ မရှာနိုင်လို့လား စသည်ဖြင့် ကိုယ့်ကိုယ်ကို မကောင်းမြင်နဲ့ မေးခွန်းတွေ စထုတ်တတ်ကြတာ ထုံးစံပါပဲ။

ဒါ့ကြောင့် ဒီလိုတွေးမယ့်အစား ကိုယ့်မှာရှိတဲ့ အားသာချက်တွေ ၊ ကောင်းတဲ့အကျင့်စရိုက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးတွေကို ပြန်စဉ်းစားကြည့်ပါ။

ကိုယ့်ကိုယ်ချစ်တဲ့ မိသားစုတွေ သူငယ်ချင်းတွေ ကိုယ့်နားမှာရှိနေကြတာဟာ သူတို့က ကိုယ့်ပုံစံကို တကယ်ချစ်လို့ဆိုတာကို မမေ့ပါနဲ့။

(၃) အားကစားလုပ်ပါ

အားကစားတစ်ခုခုလုပ်တာက ကိုယ်ရဲ့ စိတ်နဲ့ခန္ဓာကို အကျိုးပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကစိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်နာကျင်ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်ခြင်းနဲ့ ကုသခြင်းတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။

လမ်းခွဲခြင်းကြောင့်ရတဲ့ စိတ်ဖိစီးမှုက အလွန်အကျွံအစားစားတာမျိုး ဖြစ်စေတတ်ပြီး ဝိတ်အဆမတန်တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတဲ့အခါတိုင်း Gym သွားတာ ၊ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်ပြီး အာရုံစူးစိုက်မှုအဆင့်ကို ပြောင်းလဲရန်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

(၄) ရည်းစားဟောင်းကို စာပို့တာရပ်လိုက်ပါ

လမ်းခွဲပြီးတဲ့နောက်မှာ အဆက်ဟောင်းကို အဆက်အသွယ်ပြန်လုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် အခုပဲရပ်တန့် လိုက်ပါ။ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်မယ်ဆိုရင် စိတ်ကိုအလိုလိုက်နေတာ ဖြစ်ဖို့များပါတယ်။

တကယ်လဲ “I miss you” ဆိုတဲ့ စာပို့မိတာတောင် ရည်းစားဟောင်းက သူ့ကို သတိရနေတယ်လို့ တွေးတာထက် မပြတ်သားတဲ့သူလို့ အထင်လွဲတာ ခံရနိုင်ပါတယ်။ နှစ်ဘက်စလုံးက အဆင်မပြေလို့ ဆက်ဆံရေးကို ရပ်တန့်လိုက်တာဖြစ်တဲ့အတွက် ပြန်ဆက်သွယ်ဖို့ ကြိုးစားတာက အချိန်ကြာတဲ့ထိ မပြတ်မသားခံစားချက်တွေ ဖြစ်ဖို့ပိုများပါတယ်။