အားလုံးပဲ မင်္ဂလာပါ။ သင်ရဲ့နေ့စဉ်ဘဝက စိတ်မွန်းကြပ်ပြီး Stress ရစေတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကြားရောက်နေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ အချိန်အတော်ကြာ Stress ရပြီး စိတ်ရောကိုယ်ပါ ရွှင်ရွှင်လန်းလန်းမရှိတော့တဲ့သူတွေ ပြုလုပ်ပေးသင့်တဲ့ အလေ့အကျင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လေ့ကျင့်ခန်းနဲ့ တရားထိုင်တာတွေလုပ်ပေးပါ

ပူပင်သောကများပြီး စိတ်ဖိစီးနေတယ်လို့ခံစားရရင် ကိုယ့်ရဲ့ Lifestyle ထဲမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာစတဲ့ အလေ့အကျင့်လေးတွေ ထည့်သွင်းပြုလုပ်ပေးဖို့ လိုပါတယ်။ ဒါက သင့်ကို စိတ်ဖိစီးမှုလျော့ကျပြီး စိတ်တည်ငြိမ်လာစေမယ့်အပြင် ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးစေမှာပါ။

၂။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကို ရှာဖွေပါ

သင်ကိုယ်တိုင်က ကိုယ့်အတွက်စိတ်ပင်ပန်းစေတဲ့ အကြောင်းအရင်းတွေကို သေချာသိမှ Stress များတဲ့အခြေအနေတွေကနေ ရုန်းထွက်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကို အမှန်တကယ် စိတ်ဖိစီးစေတဲ့အရာတွေကို ပြန်လည်ဆန်းစစ်ပြီး ဖြေးဖြေးချင်းရှင်းထုတ်နိုင်အောင် ကြိုးစားကြည့်ဖို့လိုပါတယ်။

၃။ ကိုယ့်အချိန်တွေကို သေချာစီမံခန့်ခွဲပါ

စိတ်ဖိစီးမှုနည်းတဲ့ ဘဝနေထိုင်မှုအတွက် Time Management ကောင်းကောင်းပြုလုပ်တတ်ဖို့လည်း အရေးကြီးပါတယ်နော်။ ကိုယ်လုပ်ရမယ့်အရာတွေကို စနစ်တကျ အချိန်စီမံပြီးပြုလုပ်တတ်တာက အချိန်ဆွဲတတ်တဲ့အကျင့်ကိုပြုပြင်ပေးကာ အလုပ်ပိုပြီးမြောက်စေတဲ့အပြင် လမ်းပျောက်နေတာမျိုးမဖြစ်တော့ဘဲ ဟန်ချက်ညီတဲ့ Lifestyle ပိုင်ဆိုင်စေဖို့ကူညီပေးပါလိမ့်မယ်။

၄။ အကောင်းမြင်စိတ်မွေးပါ

စိတ်ပင်ပန်းမှုလျှော့ချဖို့ ဘယ်အရာမဆို အဆိုးအရင်မြင်တတ်တဲ့အကျင့်ကိုလည်း ပြုပြင်ပေးဖို့လိုပါတယ်။ ကိစ္စတစ်ခုမှာ ကျရှုံးနိုင်တဲ့အခွင့်အလမ်းများတယ်ဆိုရင် အောင်မြင်နိုင်မယ့် အခွင့်အရေးလည်း အလားတူရှိနေဆဲဖြစ်တာကို တွေးကြည့်ပေးပါ။ ဒီလို အကောင်းဘက်ကလှည့်ပြီး တွေးတတ်တဲ့အကျင့်က သင့်ကိုပိုပြီး စိတ်အေးချမ်းစေမှာပါ။

၅။ အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာကလည်း Stress Level ကိုပိုမြင့်တက်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါကြောင့် စိတ်ကျန်းမာရေးကောင်းဖို့ အချိန်တစ်ခုသတ်မှတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်ပေးပါ။ ညပိုင်းတွေမှာ အိပ်ချိန်ကိုအနှောက်အယှက် ဖြစ်စေမယ့် ဖုန်း၊ TV စတာတွေနဲ့ ဝေးဝေးနေဖို့လည်း မမေ့သင့်ပါဘူး။

၆။ ခဏတဖြုတ် Break Time ယူပါ

ဦးနှောက်ကို အနားမပေးဘဲထားတာကလည်း စိတ်ရောကိုယ်ပါ ခြေကုန်လက်ပန်းကျပြီး Stress ပိစေတတ်ပါတယ်။ သင့်အနေနဲ့ စိတ်ပေါ့ပါးပြီး တက်တက်ကြွကြွရှိဖို့ အလုပ်ချိန်တွေကြားမှာ Break Time ပေးကာ မလိုအပ်တဲ့အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ဖို့လိုပါတယ်။

၇။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင်စားပါ

ကျန်းမာရေးနဲ့အညီ အာဟာရရှိတဲ့စားသောက်ပုံမျိုးရှိတာက တစ်နေ့တာစိတ်ကြည်လင်စေဖို့ အထောက်အကူဖြစ်ပါတယ်။ များသောအားဖြင့် ဗီတာမင် B ၊ D ၊ C နဲ့ Antioxidant တွေကြွယ်ဝတဲ့ အစားအစာတွေကို မျှတအောင်စားသုံးပေးခြင်းက Stress လက္ခဏာတွေ လျော့နည်းစေဖို့ ကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar