မင်္ဂလာပါ ပျိုမေတို့ရေ။ နှာခေါင်းတစ်ဝိုက်အဆီပြန်တာက အဆီပြန်အသားအရေနဲ့ Combination အသားအရေ အမျိုးအစားရှိသူတွေမှာအဖြစ်များပြီး ရာသီမရွေးဖြစ်တတ်တဲ့ Skin ပြဿနာတစ်မျိုးပါ။ ဒီပြဿနာရှိသူတွေဟာ နှာတံတစ်ဝိုက်အမြဲလိုလို အဆီထွက်နေတတ်ပြီး မိတ်ကပ်လိမ်းထားရင် ပိုဆိုးပါတယ်။ များသောအားဖြင့် နှာခေါင်းအဆီပြန်တာဟာ ချွေးပေါက်ကျယ်တာ၊ Skincare တွေ မှားသုံးမိတာ၊ ဟော်မုန်းနဲ့ Stress များတာတွေကတစ်ဆင့် ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာစေဖို့ ဒီတစ်ခေါက်မှာ နှာခေါင်းအဆီပြန်တာသက်သာစေမယ့် ထိန်းသိမ်းနည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Cleanser ရွေးတတ်ဖို့လိုပါတယ်


နှာခေါင်းပေါ်က မလိုတဲ့အဆီတွေဖယ်ရှားဖို့ မျက်နှာသစ်ဆေး Cleanser ကအရမ်းအရေးကြီးပါတယ်။ Cleanser အတွက် အဆီဖယ်ရှားပေးနိုင်တဲ့ Salicylic Acid ပါဝင်တာမျိုး ရွေးချယ်သုံးပေးပါ။ Green Tea အာနိသင်ပါတဲ့ Cleanser တွေကလည်း အဆီပြန်တာကို သက်သာစေမှာပါ။

၂။ Moisturizer မမေ့ပါနဲ့


အဆီပြန်တာကိုထိန်းချုပ်ဖို့ Moisturizer ပုံမှန်သုံးဖို့လည်းလိုပါတယ်။ Moisturizer ကောင်းကောင်းမသုံးတာကတစ်ဆင့် အစိုဓာတ်လုံလုံလောက်လောက် မရတဲ့အခါ အရေပြားတွင်း အဆီဂလင်းတွေက အဆီပိုထွက်တတ်ပါတယ်။ လိမ်းရပေါ့ပါးတဲ့ Gel အမျိုးအစား Moisturizer လေးတွေ ရွေးသုံးပေးပါ။

၃။ Sunscreen ပုံမှန်လိမ်းပါ


နေရောင်ထဲက UV ရောင်ခြည်တွေနဲ့ ထိတွေ့တာကလည်း နှာခေါင်းအဆီထွက်စေတာမို့ တိုက်ရိုက်ထိတွေ့မှုမရှိရအောင် Sunscreen အမြဲလိမ်းပြီး ကာကွယ်ပေးဖို့လည်း မမေ့ပါနဲ့။

၄။ ရေများများသောက်ဖို့ လိုအပ်တယ်


ရေများများသောက်တာက တစ်ကိုယ်လုံးကျန်းမာဖို့ ထောက်ပံ့ပေးနိုင်တာမို့ အသားအရေအတွက်လည်း အလားတူပါပဲ။ အသားအရေနဲ့ပက်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်တာမို့ ရေများများသောက်တဲ့ အလေ့အကျင့်လေးလုပ်ပေးတာ အကောင်းဆုံးပါ။

၅။ အစားအသောက်ကို ဂရုစိုက်ပါ


အစိုဓာတ်ကုန်ခမ်းစေတဲ့ အစားအသောက်တွေက အရေပြားအဆီပိုထွက်အောင် ဖန်တီးနိုင်တာမို့ တတ်နိုင်သလောက်မစားမိအောင် သတိထားပေးပါ။ ဥပမာ Alcohol နဲ့ ကဖင်းဓာတ်ပါတဲ့သောက်စရာတွေက အသားအရေကိုရှိရင်းစွဲထက် ခြောက်သွေ့စေနိုင်လို့ တတ်နိုင်သလောက်ရှောင်ဖို့လိုပါတယ်။

၆။ သဘာဝထိန်းသိမ်းနည်းတွေ စမ်းကြည့်ပါ


နှာခေါင်းအဆီပြန်တာသက်သာဖို့ သဘာဝထိန်းသိမ်းနည်းအချို့နဲ့လည်း ကုသနိုင်ပါတယ်နော်။ ဥပမာအနေနဲ့ ပျားရည် (သို့) စန္ဒကူးနံ့သာတို့ကို သုံးနိုင်ပါတယ်။ ပျားရည်မှာ အဆီနဲ့ ဘယ်တီးရီးယားဖယ်ရှားနိုင်တဲ့ အာနိသင်ရှိတာမို့ သူ့ကို နှာခေါင်းတစ်ဝိုက် ၁၅ မိနစ်လောက်လိမ်းထားပြီး ရေနဲ့ပြန်ဆေးတာမျိုး လုပ်ကြည်ပါ။ စန္ဒကူးနံ့သာမှာဆိုရင် မလိုတဲ့အဆီတွေကိုထိန်းချုပ်ပေးနိုင်တဲ့ Antioxidant တွေပါဝင်တာမို့ သူ့ကိုလည်း ရေနဲ့ရောပြီး ၁၅ မိနစ်လောက် လိမ်းကာ ပြန်ဆေးချတာမျိုး လုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar