အဆိုးမြင်ဝါဒရှိပြီဆိုတာနဲ့ ပယ်ဖျောက်ဖို့ အင်မတန်ကိုမှ ခက်ခဲပါတယ်။ စာဖတ်သူအားလုံး ဒီအဆိုးမြင်ဝါဒ ရှိဖူးကြပါလိမ့်မယ်။ ဒီအမြင်မျိုးကို ပြောင်းလဲနိုင်မှသာလျှင် လက်တွေ့ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ ဘဝမျိုးကို သင်တို့ ပိုင်ဆိုင်ကြပါလိမ့်မယ်။

အဆိုးမြင်တတ်တဲ့ မိမိစိတ်ကို အပြုသဘောဆောင်တဲ့ စိတ်ထားတွေ ရှိလာအောင် ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ နည်းငါးနည်းကို ပြောပြချင်ပါတယ်။

၁။ တစ်နေ့တာကို အပြုသဘောဆောင်တဲ့ မှတ်စုရေးမှတ်ခြင်းဖြင့် စတင်ပါ။

ဆိုလိုတာက မနက်အိပ်ယာက နိုးထပြီဆိုတာနဲ့ “ဒီနေ့ဟာ ငါ့အတွက်တော့ ပိုမိုကောင်းမွန်တဲ့ နေ့လား” စသဖြင့် အကောင်းမြင်တဲ့ စိတ်နဲ့ စတင်ဖို့ပါ။ ဒါမှမဟုတ်လဲ ကိုယ့်ကို ခွန်အားဖြစ်စေမယ့် သီချင်းလေး နားထောင်လိုက်တာ၊ ကိုယ့်အတွက် ထိန်းကျောင်းပေးမယ့် စာအုပ်လေး ကောက်ဖတ်လိုက်တာမျိုးတွေ လုပ်ပေးဖို့ပါ။ ဒီအလေ့အကျင့်ဟာ အချိန်များစွာပေးစရာမလိုတဲ့ အလေ့အကျင့်ဖြစ်တယ်။

၂။ တရားထိုင်တာဟာ သင့်အတွက် အပြုသဘောဆောင်တဲ့ စိတ်ထားကို ပိုမိုဖြစ်စေပါတယ်။

အကြောင်းပြချက်ကတော့ စိုးရိမ်မှုတွေနဲ့ ဖိအားတွေကို များစွာ လျော့ကျ သက်သာစေလို့ပါပဲ။ ပြီးတော့ သင်ပိုင်ဆိုင်တဲ့အချိန်တွေတိုင်းမှာ စိတ်ကြည်လင်စွာနဲ့ အလုပ်ကောင်းကောင်းမွန်မွန်လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ တရားထိုင်တာကို မနက်ပိုင်းမှာ ပိုပြီးလုပ်သင့်ပါတယ်။ တစ်နေ့တာလုံးအတွက် မိမိစိတ်ကို ကြည်လင်သွားစေနိုင်တယ်လေ။

၃။ မိမိရဲ့ တစ်နေတာ အားသာချက် သုံးလေးခုလောက်ကို စားရင်းလုပ်ပါ။

ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ မိမိရဲ့ အားသားချက်၊ မိမိလုပ်နိုင်ပါလားဆိုတာကို ကိုယ့်ကိုကိုယ် ပြန်မြင်တဲ့အခါကြရင် ပိတိတွေဖြစ်ပြီး ခွန်အားတွေ အလိုလိုဝင်လာတတ်ပါတယ်။ မိမိဘဝကို ပိုပြီး ကျေနပ်ပျော်ရွှင်စေပါလိမ့်မယ်။ အဲဒီကျေနပ်ပျော်ရွင်နေတဲ့အချိန်နဲ့ တပြေးညီထဲမှာပဲ ဘယ်လိုမှ စိတ်ညစ်စရာတွေ ပေါ်မလာနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်တစ်နေ့တာ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့ ကောင်းတဲ့ အရာတွေကို စာရင်းလုပ်ပါ။

၄။ အကောင်းမြင်စိတ်ရှိတဲ့သူနဲ့ ပိုမို ပေါင်းသင်းပါ။

ကိုယ့်ကိုကိုယ် မလုပ်နိုင်ဘူးထင်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ ကိုယ်ယုံကြည်ရတဲ့သူဆီကို ဖွင့်ပြောပြပါ။ အကြံဉာဏ်တောင်းပါ။ သူတို့ဟာ ကိုယ့်ရဲ့ တက်လမ်းကို ဖွင့်ပေးကြပါလိမ့်မယ်။ သင့်အပေါင်းအသင်းတွေထဲက ဘယ်သူက အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူ၊ ဘယ်သူကတော့ အဆိုးမြင်ဝါဒီသမား ဆိုတာကို သင် လွယ်လွယ်ကူကူသိနိုင်ပါတယ်။

၅။ ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ဘက်က မြင်နိုင်အောင် ကြိုးစားပါ။

အားငယ်တတ်တဲ့ စိတ်တစ်ခုတည်းဆိုပေမယ့် အဲဒီစိတ်ကြောင့်ပဲ ရှုံးဆုံးသွားတတ်တဲ့ သာဓက အများကြီး ရှိခဲ့ဖူးပါပြီ။ သင်လည်း ကြုံဖူးပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးဟာ တစ်ခါတည်း ပြီးပျောက်သွားအောင် လုပ်လို့မရပေမယ့် ဖြေးဖြေးချင်း ဖျောက်လို့တော့ ရနိုင်ပါတယ်။ ဥပမာအနေနဲ့ (ငါဟာ အဲဒီနေရာမှာ မတော်ဘူးလို့ ထင်နေတာထက် သြော် ငါအဲဒီနေရာမှာ နည်းနည်းတော်လာပြီပဲ၊ ငါတစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်နိုင်နေပြီ။) စသည့်ဖြင့် ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ်နဲ့ အစားထိုးစဉ်းစားပြီး လုပ်ဆောင်တာမျိုးလုပ်ပါ။