ကမ္ဘာပေါ်ရှိ စုံတွဲတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နားလည်မှု၊ စံနှုန်းများ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ စုံတွဲတစ်တွဲနဲ့ တစ်တွဲကလည်း ပြဿနာများကို ချဥ်းကပ်ပုံခြင်း ကွဲပြားနိုင်သလို၊ တစ်တွဲနှင့်တစ်တွဲ ချစ်တဲ့ပုံစံချင်းလည်း တူနိုင်မှာမဟုတ်ပါဘူး။

အချို့စုံတွဲတွေက အမြင်မတူကာ သဘောထားကွဲလွဲခြင်းဟာ သူတို့ရဲ့ သမီးရည်းစားဆက်ဆံရေးအတွက် ဆူးညှောင့်ခလုတ်တစ်ခုလိုမျိုး မှတ်ယူကြပေမယ့် အချို့အတွဲကတော့ စိတ်သဘောထား မတိုက်ဆိုင်ခြင်းဟာ သူတို့ရဲ့အချစ်ရေးကို ပိုမိုခိုင်မြဲလာစေတယ်လို့ မှတ်ယူကြပါတယ်။

ကမ္ဘာပေါ်တွင် ယေဘုယျအားဖြင့် စုံတွဲ (၅) မျိုး သတ်မှတ်ထားကြပါတယ်။ သင်တို့စုံတွဲရော ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ပါ။

ပဋိပက္ခများကို ရှောင်ကြဉ်သော စုံတွဲ

တကယ်လို့ သင်တို့စုံတွဲဟာ ကိစ္စများအားလုံးကို တည်ငြိမ်အောင် ကြိုးစားနေကြသူများဆိုရင်တော့ သင်တို့အတွဲက ပဋိပက္ခများကို ရှောင်ကြဥ်တဲ့ စုံတွဲအဖြစ် မှတ်ယူနိုင်ပါတယ်။ သူတို့မှာ မတူညီတဲ့ အမြင်များ၊ အတွေးအခေါ် အယူအဆများ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သူတို့ဟာ ထိုမတူညီတဲ့အရာများကို သိသာစွာ ဖော်ပြလေ့မရှိကြပါဘူး။

တကယ်လို့ သိသိသာသာဖော်ပြလိုက်တဲ့အခါ အကြီးအကျယ် ရန်ဖြစ်တာမျိုးတွေ ကြုံတွေ့ရမှာကို စိုးရိမ်ကြလို့ပဲဖြစ်ပါတယ်။ ဒီစုံတွဲကတော့ အလယ်အလတ် ပျော်ရွှင်ကြတဲ့ စုံတွဲများဖြစ်ကြတယ်လို့ စိတ်ပညာရှင်များက သတ်မှတ်ထားကြပါတယ်။ ဘာဖြစ်လို့ အလယ်အလတ်သာ ပျော်ရွှင်ရသလဲဆိုရင် သင်တို့စုံတွဲဟာ ပဋိပက္ခများကို ရှောင်ကြဉ်ဖို့ရန်အတွက်ဆိုပြီး တစ်ယောက်ကို တစ်ယောက် ထိန်ချန်ထားတဲ့အရာများ၊ ပွင့်ပွင့်လင်းလင်း မရှိခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်အတွေးအမြင်များကို ဖလှယ်ကြတဲ့ စုံတွဲ

သင်တို့ရဲ့ အချစ်ရေးဟာ ပျော်ရွှင်ဖွယ်အကောင်းဆုံးများထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ သင်တို့မှာ မတူညီတဲ့ အတွေးအမြင်များ ရှိနေသည့်တိုင်အောင် တစ်ယောက်ကို တစ်ယောက် လေးစားသမှုနှင့် ဆက်ဆံပြီး အခြားတစ်ယောက်ရဲ့ အတွေးအမြင်များ၊ စိတ်ဆန္ဒများကိုလည်း ဦးစားပေးလေ့ရှိကြပါတယ်။

သင်တို့ရဲ့ အချစ်ရေးဟာ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားမှုရှိခြင်း၊ တစ်ယောက်ကိုတစ်ယောက် ကျီစယ်ခြင်း၊ ဆက်ဆံရေး ကောင်းမွန်ခြင်း အစရှိသည်တို့ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

ညှိနှိုင်းဆောင်ရွက်လေ့ရှိသော စုံတွဲများ

ဒီအတွဲကတော့ စောစောကလို ပဋိပက္ခများကို ရှောင်ကြဉ်တဲ့ ပထမအမျိုးအစားနှင့် ဒုတိယအမျိုးအစားတို့နှစ်ခုကြားက စုံတွဲပဲဖြစ်ပါတယ်။ သင်တို့သည် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့လာရပါက ပြဿနာကို တည်တည်ငြိမ်ငြိမ်နှင့် ဖြေရှင်းလေ့ရှိကြပြီး အမှားတစ်စုံတစ်ရာ ရှိလာပါကလည်း တစ်ယောက်ကို တစ်ယောက် ဝန်ချတောင်းပန်ဖို့ ဝန်မလေးပါဘူး။

ဒါပေမဲ့ သင်တို့စုံတွဲက ရင့်ကျက်မှုကို အဓိကထားတဲ့ စုံတွဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ရင့်ကျက်လွန်းအားကြီးတာကြောင့် ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်ရတဲ့ အခြေအနေများနှင့် လွဲချော်သွားတတ်တာကိုတော့ သတိပြုသင့်ပါတယ်။

အမြဲတစေ ရန်လိုနေတတ်သော စုံတွဲများ

သင်တို့စုံတွဲက သင်တို့ရဲ့ မကျေနပ်ချက်များကို ဒေါသတကြီး ဖော်ပြလေ့ရှိပါသလား။ ဒါဆိုရင်တော့ ဒီအမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ကိုယ့်လက်တွဲဖော်က ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ ဂရုမပြုဘဲ ကိုယ် စိတ်မကျေနပ်တာကိုသာ မကျေနပ်ကြောင်း ဒေါသတကြီး ပြုမူနေမယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး။

ကိုယ် လိုချင်တာကိုပဲ ပြောပြမနေဘဲ တစ်ဖက်လူရဲ့ အခြေအနေကိုလည်း စဥ်းစားပေးဖို့ လိုအပ်ပါတယ်။ “ နင်က အမြဲတမ်း အဲ့လိုချည်းပဲ”၊ “နင်က ငါ့အတွက် ဘယ်တော့မှ…..” အစရှိတဲ့ စကားလုံးမျိုးနှင့် တစ်ဖက်သားကို တိုက်ခိုက်နေပါက ထိုစုံတွဲဟာ အတူတူ ရှိနေကြပေမယ့် ပျော်ရွှင်ကြရမှာတော့ မဟုတ်ပါဘူး။

ကြောင်နှင့် ကြွက် စုံတွဲ

ကြောင်နှင့် ကြွက် ဆိုတာကတော့ တစ်ယောက်နှင့်တစ်ယောက် မရှိလည်းမဖြစ်သလို၊ ရှိနေပြန်ရင်လည်း အမြဲတမ်း ရန်သတ်နေကြတာဖြစ်ပါတယ်။ ဒီစုံတွဲသည်လည်း စောစောက အမြဲတစေ ရန်လိုတတ်တဲ့ စုံတွဲနှင့် ဆင်တူပါတယ်။

သို့သော် ဒီစုံတွဲက လမ်းခွဲရနိုင်ခြေ၊ ကွာရှင်းရနိုင်ခြေ ပိုများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်တို့ဟာ စောစောက စုံတွဲထက် ရန်ပိုဖြစ်ကြပြီး တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်တော့တဲ့အဆုံး လမ်းခွဲကြတော့မှာပဲဖြစ်ပါတယ်။

Photo Source: Unsplash