မျက်နှာသစ်တာပဲ ဘာဆန်းတာမှတ်လို့လဲ ဆိုပြီး တွေးမိကြပါလိမ့်မယ်။ လူတိုင်း မနက်မိုးလင်းရင် မျက်နှာသစ်ကြတာ မှန်ပေမယ့် နည်းစနစ်တကျ မှန်မှန်ကန်ကန် မျက်နှာသစ်တဲ့ အလေ့အကျင့်တော့ သိပ်မရှိကြပါဘူး။

၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်တွေရဲ့ ၈၀% ဟာ မျက်နှာသစ်ချိန်မှာ အနည်းဆုံးအမှားတစ်ခုတော့ လုပ်မိတယ်လို့ ဆိုပါတယ်။

မျက်နှာကို နည်းစနစ်တကျ သစ်ခြင်းဟာ Skin Care ရဲ့ အခြေခံအကျဆုံးအပိုင်း ဖြစ်ပါတယ်။ မျက်နှာကို နည်းစနစ်တကျ သစ်မယ်ဆိုရင် အဆင့် ၅ ဆင့်နဲ့ သစ်ရပါတယ်။

(၁) လက်တွေကို အရင်ဆေးပါ

မျက်နှာမသစ်ခင် လက်ကို အရင်ဆေးခြင်းဟာ အရေးကြီးပါတယ်။ လက်ကောင်းကောင်း မဆေးဘဲ မျက်နှာသစ်မယ်ဆိုရင် လုံးလုံးလျားလျား သန့်ရှင်းမှာ မဟုတ်ပါဘူး။

ပျမ်းမျှအားဖြင့် လက်ဟာ ဘက်တီးရီးယားမျိုးစိတ် ၁၅၀ ထဲက ပိုးကောင်ရေ ၃၂၀၀ ကို သယ်ဆောင်တယ်လို့ Boulder University ရဲ့ စစ်တမ်းက ဆိုပါတယ်။

ဒီတော့ ပိုးမွှားတွေ ကပ်တွယ်နေနိုင်တဲ့ လက်နဲ့ မျက်နှာသစ်မယ်ဆိုရင် အရင်ဆုံး လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးဖို့ လိုမှာပါ။

(၂) မျက်နှာကို ရေနွေးနွေး ဆွတ်ပါ

ရေကြက်သီးနွေးဟာ အရေပြား ရေဓါတ်ပြည့်ဝဖို့ အထိရောက်ဆုံးလို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။ နောက်တစ်ခုက ရေနွေးနွေးဟာ မျက်နှာချွေးပေါက်တွေ ဖွင့်ပေးလိုက်ပြီး မျက်နှာပေါ်က အဆီတွေကိုလည်း ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။

ရေအေးက ချွေးပေါက်ကျဉ်းစေပေမယ့် သန့်ရှင်းမှုက သိပ်ပြီး မထိရောက်ပါဘူး။

(၃) မျက်နှာသစ်ဆေးကို အတိုင်းအဆ မှန်ကန်စွာသုံးပါ

နောက်တစ်ဆင့်က မျက်နှာသစ်ဆေးကို အလွန်အကျွံမသုံးဖို့ပါပဲ။ နည်းလွန်းရင်လည်း မျက်နှာ နှံ့မှာမဟုတ်ပါဘူး။

နောက်တစ်ခုက ကိုယ့်အသားအရေအမျိုးအစားကို လိုက်ပြီး မှန်ကန်တဲ့ မျက်နှာသစ်ဆေး သုံးဖို့ လိုပါတယ်။

ပုံမှန်အသားအရေဆိုရင် သိပ်ကိစ္စမရှိပေမယ့် အသားအရေသိပ်မညီဘဲ ဆားဝက်ခြံများတဲ့ မျက်နှာမျိုးဆိုရင် Cleaning အပြင် ရေဓါတ်ဖြည့်မှုလည်း ပါဖို့ လိုပါတယ်။

ခြောက်သွေ့တဲ့အသားအရေတွေမှာဆိုရင် အနီကွက်ထတာ ၊ အသားအရေတင်းပြီး အရေးကြောင်းတွေထင်းနေတာမျိုးအတွက်ဆိုရင် ရေဓါတ်ဖြည့် မျက်နှာသစ်ဆေးတွေ ပိုသုံးဖို့ လိုပါတယ်။

ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ အသားအရေမျိုးကတော့ အဆီပြန်မှု လျှော့ချပေးမယ့် မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်သင့်ပါတယ်။

(၄ ) မျက်နှာသစ်ဆေးနဲ့ မှန်ကန်စွာ သစ်ပါ

အခုဆို မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ရမယ့် အချိန်ပါ။ နဖူး မျက်နှာ ပါးနှစ်ဖက်နဲ့ မေးနေရာတွေကို နှံ့စပ်အောင် မျက်နှာသစ်ဆေး သုတ်ပြီး စက်ဝိုင်းပွတ်ပြီး စက္ကန့် ၃၀ ကနေ ၆၀ ကြာအောင် ပွတ်ပေးသင့်ပါတယ်။

မျက်နှာတစ်ပြင်လုံး နှံ့သွားပြီ ဆိုရင်တော့ ရေဆေးရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ဆေးတွေ ပြောင်စင်သွားတဲ့အထိ ချွေးပေါက်ပွင့်အောင် ဆေးပေးရမှာပါ။

(၅) အစိုထိန်းပေးပါ

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ တစ်ပတ်ကို နှစ်ကြိမ် ချေးချွတ်ပေးပေးဖို့ လိုပါတယ်။ မျက်နှာသစ်ပြီး နောက်ဆုံးလုပ်ပေးရမှာက အစိုဓါတ် ထိန်းပေးရမှာ ဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ Moisturizer တွေဟာ ရေဓါတ်အားဖြင့်ပေးတဲ့အပြင် အသားအရေကို နုပျိုကြည်လင်လာစေပါတယ်။

Moisturizer ဝယ်မယ်ဆိုရင် ရှားစောင်းလက်ပတ် ၊ Hyaluronic Acid နဲ့ Vitamin E တို့ ပါသလား ကြည့်သင့်ပါတယ်။

မှတ်ထားရမှာက မျက်နှာသစ်ပြီးပြီး Moisturizer သုံးပေးဖို့ပါပဲ။ ဒီနည်းနဲ့ မျက်နှာသစ်မယ်ဆိုရင် အသားအရေလည်း နုပျိုတင်းရင်းပြီး ဖြူဖွေးလာမှာ ဖြစ်ပါတယ်။