ချစ်သူနှစ်ဦးသားသည် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြလို့ လက်ထပ်ပြီးသွားတဲ့အခါ တစ်ယောက်ကို တစ်ယောက် ကောင်းအတူတူ ဆိုးအတူတူ မျှဝေခံစားရမှာပဲဖြစ်ပါတယ်။ လက်တွဲဖော်အတွက် ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

ဒါမှသာလျှင် ချစ်သူက လက်ထပ်ပြီးနောက်မှာ ဆုတ်ယုတ်တဲ့ ဘဝမျိုးမဟုတ်ဘဲ အရင်ကထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း ကိုယ့် လက်တွဲဖော် အတွက် လိုအပ်မယ့် အရာများကို ဖြည့်ဆည်းပေးခြင်းသည် ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်များပဲ မဟုတ်လား။

ကိုယ့် လက်တွဲဖော်အတွက် အကောင်းဆုံး ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ ကူညီပေးနိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။

သူ့အတွက် ခွန်အားဖြစ်စေမယ့် စကားများဖြင့် အားပေးပါ

“လုပ်နိုင်မှာ မဟုတ်ပါဘူး ၊ အလကား အချိန်ကုန်ခံ အပင်ပန်း ခံမနေပါနဲ့တော့” ဆိုတဲ့ စကားထက် “လုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်” “ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ် ၊ အနားမှာ အမြဲရှိတယ်” စတဲ့ စကားမျိုးကို သင့်ရဲ့ လက်တွဲဖော်အတွက် အမှန်တကယ်ကို ခွန်အားဖြစ်စေပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့လက်တွဲဖော်အတွက် နာကျင်စေမယ့် စကားမျိုးထက် စိတ်ခွန်အားဖြစ်စေမယ့် စကားများဖြင့် စိတ်ဓာတ်တက်ကြွလာအောင် ပါရမီဖြည့်နိုင်ပါတယ်။

သူ့ကို ကူညီပါ

သူ့ကို ငွေအားဖြင့် ပံ့ပိုးမှ ပါရမီဖြည့်ပေးတာ မဟုတ်ပါဘူး။ စောစောကလို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းသည်လည်း ကူညီပေးခြင်းတစ်မျိုးပါပဲ။ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ရန်အတွက် အိမ်အလုပ်များလည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်သလောက် ကူညီနိုင်ပါတယ်။

အိမ်အလုပ်တွေက အိမ်ရှင်မ တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အိမ်သူသက်ထားအတွက် မောင်တစ်ထမ်း မယ်တစ်ရွက် ကူညီပေးနိုင်ပါတယ်။

ကိုယ့်ဘက်က စွန့်လွှတ်ဖို့လည်း ရယ်ဒီဖြစ်နေပါစေ

ကိုယ့်ချစ်သူကို အမှန်တကယ် ချစ်တဲ့သူတွေဆိုရင် ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်ဘက်က အနစ်နာခံခြင်းကို သူ့ဘက်က သိမြင်လာတဲ့အခါမှာလည်း သင့်အတွက် သူက ပြန်လည် အနစ်နာခံ ၊ စွန့်လွှတ်ပေးမှုများ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ကိုယ်ပိုင် အိပ်မက်များ၊ ရည်မှန်းချက် ပန်းတိုင်များကိုလည်း ပြည့်ဝအောင် ကြိုးစားပါ

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြတာပါ။ သင့်ရဲ့ အိမ်သူသက်ထားလည်း သင် ပျော်ရွှင်နေတာကိုပဲ မြင်ချင်မှာပါ။ သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကူညီပေးစဥ်မှာလည်း ကိုယ့်ရဲ့ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားရပါမယ်။ နှစ်ဦးသားစလုံးရဲ့ ဘဝက တိုးတက်ကောင်းမွန်နေမှသာလျှင် ပိုမိုပျော်ရွှင်ရတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သား အပေးအယူမျှစွာ နားလည်မှု ရှိပါ

အိမ်ထောင်တစ်ခု တည်မြဲဖို့ရန်အတွက် အပေးအယူမျှဖို့လည်း လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက် နားလည်တတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမမျှတဲ့အခါ အထင်အမြင် လွဲမှားစရာများ ဖြစ်လာနိုင်ပြီး အိမ်ထောင်ရေး အက်ကွဲကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး အပေးအယူ မျှမျှနဲ့ လုပ်ဆောင်တတ်မယ် ဆိုရင်တော့ ရွှေလက်ခိုင်ခိုင် တွဲနိုင်မှာပဲဖြစ်ပါတယ်။