လုပ်ငန်းခွင်ဝင်ဖို့ အင်တာဗျူးဖြေတဲ့အခါမှာ တချို့ကတော့ အတွေ့အကြုံလည်းရှိတဲ့အတွက် ဘာတွေမေးတတ်တယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ တချို့ကျတော့လည်း အတွေ့အကြုံမရှိသေးတော့ ကြောက်နေတတ်ပါတယ်။

ဒီလိုအတွေ့အကြုံမရှိသေးတဲ့သူတွေပဲဖြစ်ဖြစ်၊ အင်တာဗျူးဖြေရမှာကို ကြောက်နေတဲ့သူတွေပဲဖြစ်ဖြစ် ကြိုတင်လေ့ကျင့်ထားလို့ရအောင် မေးလေ့ရှိတဲ့ မေးခွန်းတွေကို မျှဝေပေးလိုက်ပါတယ်။

အရေးအကြီးဆုံးတစ်ခုကတော့ ကိုယ်အင်တာဗျူးသွားဖြေမယ့် အလုပ်ရဲ့အကြောင်းတွေကို သေချာသိအောင်လေ့လာပြီးမှသာ အင်တာဗျူးသွားဖြေဖို့ အကြံပြုပါတယ်။

သင့်အကြောင်း

Source: www.thecheatsheet.com

အင်တာဗျူးစမေးပြီဆိုထဲက သင့်ရဲ့အကြောင်းကို ပြောခိုင်းမှာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ သွက်သွက်လတ်လတ်ဖြေရပါမယ်။ သင်ဘာနဲ့ကျောင်းပြီးထားလဲ၊ ဘာနဲ့ဘွဲ့ရထားလဲ၊ ဘယ်အလုပ်တွေမှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ရှိထားလဲဆိုတဲ့ သင့်ရဲ့အရည်အချင်းတွေ၊ သင်လုပ်နိုင်တာတွေကို စပြောရပါမယ်။ ပထမအဆင့်မှာထဲက သွက်သွက်လတ်လတ်နဲ့ဖြေဆိုနိုင်ရင် သင့်ကိုသဘောကျမှာပါ။ Foreigner ကုမ္ပဏီတွေနဲ့ ဟိုတယ်တွေမှာ သွားလျှောက်ထားပြီဆိုရင်တော့ အင်္ဂလိပ်လိုဖြေနိုင်ဖို့ လေ့ကျင့်ထားရပါမယ်။

အားသာချက်၊ ဝါသနာ

Source: www.careerdirectionsllc.com

သင်က ဘယ်လိုနေရာတွေမှာအားသာချက်ရှိလဲ၊ ဘယ်လိုနေရာမျိုးမှာလုပ်ရတာကိုဝါသနာပါလဲ၊ သင့်ရဲ့အားသာချက်တွေနဲ့ သင်ရဲ့ကောင်းတဲ့အချက်တွေက ဘာတွေလဲဆိုတာကိုလည်း ကောင်းကောင်းဖြေနိုင်ဖို့ ကြိုတင်လေ့ကျင့်ထားပါ။

အားနည်းချက်

Source: www.us.experteer.com

အားသာချက်ကိုမေးပြီးရင် အားနည်းချက်ကိုမေးပါတယ်။ သင့်ရဲ့အားနည်းချက်ကဘာတွေလဲ၊ အလုပ်နဲ့ပတ်သတ်ပြီး ဘယ်လိုနေရာတွေမှာအားနည်းချက်ရှိလဲ စတာတွေကိုလည်း ကောင်းကောင်းဖြေနိုင်ဖို့၊ သူတို့သဘောကျလောက်အောင်ဖြေဆိုနိုင်ဖို့ကို လေ့ကျင့်ထားပါ။ အားနည်းချက်ဆိုတာနဲ့ ကိုယ်မလုပ်နိုင်တာတွေကို တန်းစီပြောဖို့မလိုပါဘူးနော်။

ဘာကြောင့် အရင်အလုပ်ကထွက်လိုက်တာလဲ

Source: www.money.usnews.com

သင်ဟာအလုပ်လုပ်ဖူးတဲ့သူတစ်ယောက်ဆိုရင်တော့ ဘာကြောင့် အရင်အလုပ်ကထွက်ခဲ့တာလဲဆိုတာကို မေးပါလိမ့်မယ်။ ဘာကြောင့်ထွက်ခဲ့လဲဆိုရင် ကိုယ်နဲ့မကိုက်ညီဘူးထင်လို့၊ ဒီထက်ပိုကောင်းတဲ့နေရာသွားချင်လို့၊ လစာအဆင်မပြေလို့၊ သွားရလာရတာ အခက်အခဲရှိလို့ ဒီလောက်ဆိုရပါပြီ။ ဒီလိုအချိန်မှာ သတိထားရမှာက အရင်အလုပ်ရဲ့မကောင်းကြောင်းကို လုံးဝမပြောပါနဲ့။

ကိုယ့်ကိုသူများအထင်သေးပါတယ်။ အရင်အလုပ်မကောင်းကြောင်း၊ အရင်အလုပ်ကသူဋ္ဌေး မကောင်းကြောင်း တခြားအလုပ်မှာ၊ အင်တာဗျူးမှာပြောတာဟာ လုံးဝမလုပ်သင့်ပါဘူး။

ဘာကြောင့်ဒီမှာလုပ်ချင်တာလဲ

Source: www.cvmall.net

သင်ဘာကြောင့် ဒီအလုပ်မှာလုပ်ချင်တာလဲဆိုတဲ့မေးခွန်းကို သေချာပေါက်မေးပါလိမ့်မယ်။ ဒီလိုမေးလာတဲ့အခါမှာလည်း ဒီအလုပ်ကို ကိုယ်ဘယ်လောက်စိတ်ဝင်စားကြောင်း၊ ကိုယ့်အတွက်လည်းတက်လမ်းတွေရှိမယ်ထင်လို့ ယုံကြည်ချက်ရှိရှိနဲ့ ရည်မှန်းချက်ထားကြောင်းပြောပါ။ တစ်ဖက်လူသဘောကျအောင် ကိုယ့်ဘက်က ယုံကြည်မှုရှိရှိနဲ့ ပြောတတ်ဖို့လိုပါတယ်။

အဓိကကတော့ အင်တာဗျူးတွေမှာမေးလေ့ရှိတာ ဒီမေးခွန်း (၅) မျိုးဖြစ်တဲ့အတွက် ဒါတွေကိုသာ သေချာပြင်ဆင်ထားပြီး ယုံကြည်မှုရှိရှိနဲ့ပြောနိုင်ရင်  အဆင်ပြေပါတယ်။