Introverts တွေအတွက်တော့ ဝါသနာဆိုတာဟာ သူတို့ကိုယ်တိုင်အတွက် ကုထုံးတစ်ခုဖြစ်ပါတယ်။ သူတို့က လူတွေကြားထဲမှာ နာရီပေါင်းများစွာ ပြောဆိုဆက်ဆံပြီးတဲ့နောက် စိတ်အေးလက်အေးနဲ့ ကိုယ်ပိုင်အချိန်မှာ ဝါသနာပါတာတစ်ခုခုလုပ်ရင်း ကိုယ့်ကိုယ်ကို ပြန်လည် recharge လုပ်တတ်ကြပါတယ်။

ဟုတ်ပါတယ် ရုပ်ရှင်တွေ၊ ဗွီဒီယိုဂိမ်းတွေရှိပေမယ့် Introvert တွေအတွက် အကောင်းဆုံးဝါသနာတွေက သပ်သပ်ရှိပါတယ်။ အခုပြောပြပေးမှာက Introvert တွေနဲ့ အကိုက်ညီဆုံး ဝါသနာကောင်းလေးတွေထဲက ၅ ခုအကြောင်းပါ

(၁) ဟင်းချက်တာ

ဟင်းချက်တာက Introvert တွေအတွက် သင့်တော်တဲ့ဝါသနာတစ်ခု ဖြစ်ပါတယ်။ ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ ပျော်ရွှင်စေတဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့အတွက် ဟင်းချက်ခြင်းက အကျိုးရှိစေတဲ့ ဝါသနာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် တစ်ယောက်တည်း လုပ်ဆောင်နိုင်သလို ချက်ပြုတ်နည်းအသစ်တွေ၊ ပါဝင်ပစ္စည်းတွေနဲ့ အိုင်ဒီယာအသစ်တွေကို စမ်းသပ်လို့ရတဲ့အတွက် ပိုပျော်စရာကောင်းပါတယ်။

(၂) ယောဂ (သို့) တရားထိုင်တာ

တကယ်လို့ Introvert တွေအနေနဲ့ စိုးရိမ်ပူပန်မှုများတာ၊ စိတ်မငြိမ်မသက်ဖြစ်တာတွေကို လျှော့ချဖို့ဆိုရင် Mindfulness Meditation လုပ်တာက များစွာအကျိုးရှိတာကို တွေ့ရပါတယ်။ Introvert တွေအတွက် တရားထိုင်တာနဲ့ ယောဂလေ့ကျင့်ခြင်းက လူမှုဆက်ဆံရေးနဲ့ပတ်သတ်တဲ့ စိတ်ဖိစီးမှုဖြစ်တာနဲ့ ပုံမှန်စိတ်ဖိစီးတဲ့အခြေအနေတွေကို သက်သာစေဖို့ကူညီပေးပါတယ်။

(၃) အပင်စိုက်တာ

နောက်ထပ်ဝါသနာတစ်ခုက အပင်စိုက်တာပါ။ အပင်စိုက်တာရဲ့ အကျိုးကျေးဇူးတွေက သဘာဝတရားနဲ့ ထိတွေ့ဆက်ဆံရတာကိုနှစ်သက်တဲ့ Introvert တွေအတွက် ပြီးပြည့်စုံတဲ့စိတ်ကျေနပ်စရာလုပ်ဆောင်မှုတစ်ခုပါ။

အပင်စိုက်ခြင်းကနေ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံတတ်စေပါတယ်။ ဒီအတွက် မြေနေရာအများကြီးရှိဖို့မလိုပါဘူး အိမ်တွင်းစိုက်အပင်လေးတွေနဲ့ အရင်စမ်းသပ်ကြည့်လို့ရပါတယ်။

(၄) စာရေးတာ

Introvert တွေက အမှားလုပ်မိတဲ့အခါ ခေါင်းထဲမှာအချိန် အကြာကြီးတွေးနေ တတ်တဲ့အတွက် အချိန်ဖြုန်းသလို ဖြစ်နေတတ်ပါတယ်။ ဒါက အတွေးလွန်ခြင်းရဲ့အကျိုးတစ်ခုဖြစ်ပြီးတော့ ဒါကိုတားဆီးနိုင်တဲ့နည်းက ချရေးတာပဲ ဖြစ်ပါတယ်။

Introvert တွေအနေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ စာစုတွေဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအကြောင်းကိုဖြစ်ဖြစ် ဘလော့ဂ်ရေးသားတာမျိုးလုပ်လို့ရပါတယ်။ ဒီလိုအင်တာနက်မှာ ဘလော့ဂ်ရေးတာမျိုးကနေ ဝင်ငွေလည်း ရနိုင်ပါတယ်။

(၅) စာဖတ်တာ

စာဖတ်ခြင်းအလေ့ကတော့ Introvert တွေမှ မဟုတ်ပါဘူး။ လူတိုင်းအတွက် ကောင်းမွန်တဲ့ ဝါသနာတစ်ခု ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ စိတ်ရဲ့ ငြိမ်သက်အေးချမ်းရာ ဝါသနာတစ်ခု ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လျော့ပါးစေပြီး စိတ်ခွန်အားပေးနိုင်မယ့် အကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ Introvert တွေအနေနဲ့ စာဖတ်ခြင်းဟာ အကောင်းဆုံးအချိန်ကုန်ဆုံးမှုတစ်ခု ဖြစ်စေမှာပါ။