လူတစ်ယောက်မှာ ဆံပင်ပြင်ဆင်ပုံနဲ့ ဆံပင်စတိုင်လ်တွေက ရုပ်ကိုပြောင်းသွားစေတဲ့အတွက် အရမ်းအရေးကြီးပါတယ်။ တချို့ဆံပင်ပုံစံတွေဆိုရင် လူကြီးဆန်ပြီး ရုပ်ရင့်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် လူကြီးဆန်သလိုဖြစ်သွားစေတဲ့ ဆံပင်ပြင်ဆင်ပုံအမှားတွေကို ရှောင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ဆံပင်အလယ်တည့်တည့်ခွဲခြင်း

ဆံပင်ခွဲကြောင်းကို အလယ်ခေါင်တည့်တည့်ထားပြီးခွဲတာက လူကြီးဆန်ပြီး ရုပ်ပြောင်းသွားစေပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင် အလယ်ခွဲနဲ့ လုံးဝမလိုက်ပါဘူး။ နဖူးပါ ပိုပြီးပြောင်သလို ဖြစ်သွားစေပါတယ်။

ဆံပင်အဖြောင့်အရှည်

ဆံပင်အဖြောင့်ကိုမှ သဘာဝအတိုင်းဖြောင့်နေတဲ့ပုံစံလေးဆိုရင်တော့ လူကြီးမဆန်ပါဘူး။ ဒါပေမယ့် ဆံပင်က ပြားပြားကပ်ကပ်ကြီးနဲ့ ဖြောင့်နေတဲ့အပြင် ဆံပင်ပါရှည်နေရင်တော့ လူကြီးဆန်သွားစေပါတယ်။

ဆံပင်အလိပ်ကြီးကောက်ခြင်း

ဆံပင်ကောက်တာ၊ ဆံပင်လိပ်တာက လူငယ်တော်တော်များများလည်း လုပ်ပါတယ်။ ကိုယ်လုပ်တဲ့ဆံပင်အကောင်ပုံစံ၊ အလိပ်အသေးအကြီးပေါ်မူတည်ပြီး လူကြီးဆန်သွားစေတာပါ။ များသောအားဖြင့်တော့ ဆံပင်ကောက်တာ၊ လိပ်တာက မိုက်တာလည်းရှိသလို၊ လူကြီးဆန်သွားစေတာလည်း ရှိပါတယ်။ ဆံပင်ကို အလိပ်ကြီးကောက်တာနဲ့ လှိုင်းကောက် ကောက်တာကတော့ ပိုပြီးလူကြီးဆန်စေပါတယ်။

ဆံပင်ကိုအပြောင်သိမ်းပြီးအမြင့်စည်းခြင်း

ဆံပင်ကို ရိုးရိုးစည်းတာမျိုးလေးကတော့ ဘာမှထွေထွေထူးထူး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ဆံပင်ကို အပြောင်သိမ်းပြီး တင်းကျပ်နေအောင် အမြင့်စည်းထားတာမျိုးကတော့ လူကြီးဆန်ပြီး ရုပ်ရင့်သွားစေပါတယ်။

ဆံထုံးအမြင့်ထုံးခြင်း

ဆံထုံးအမြင့်ထုံးတာက လူကြီးဆန်စေပါတယ်။ ပွဲတွေရှိလို့ မဖြစ်မနေထုံးရမယ်ဆိုရင်တောင် ဆံထုံးအနိမ့်လေးတွေ၊ နောက်တွဲဆုံးထုံးလေးတွေ ထုံးတာက ပိုပြီးလှပါတယ်။ ဆံထုံးအမြင့်ထုံးတာလောက်လည်း လူကြီးမဆန်သွားစေပါဘူး။