ဘယ်အလုပ်ခွင်ပဲရောက်ရောက် အလုပ်ရှင်တိုင်းသဘောကျရတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်ပါသလား။

ထူးချွန်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ရာ ကိုယ်လုပ်ကိုင်တဲ့အလုပ်အပေါ် ချစ်မြတ်နိုးစိတ်အပြည့်ရှိရပါမယ်။ သင့်အနေနဲ့ အလုပ်ကိုချစ်မှ အလုပ်ကလည်း သင့်ကိုပြန်ပြီး ချစ်နိုင်မှာပါ။

သင်ဟာ အလုပ်ခွင်မှာ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာဆောင်ရွက်ကြည့်ပါနော်။

(၁) စေတနာထား လုပ်ကိုင်ပါ

မိမိရဲ့ အလုပ်အပေါ်မှာ စေတနာထားပြီးလုပ်ကိုင်ပါ။ ကိုယ်ဟာ ဝန်ထမ်းဆိုပေမယ့်လည်း ကိုယ်ရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုလို သဘောထားပြီး အစစအရာရာစေတနာတရား ရှေ့ထားပြီး လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

စေတနာဆိုတာ ရောင်ပြန်ဟပ်စေတာကြောင့် အလုပ်အပေါ် စေတနာထားသလောက် အလုပ်ကလည်း သင့်အပေါ် ပြန်လည် အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

(၂) တာဝန်ယူမှုတာဝန်ခံမှုရှိပါ

ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်တစ်ခုအပေါ် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိခြင်းဟာ ဝန်ထမ်းကောင်းတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုပါ။

မိမိလုပ်လိုက်တဲ့ ကိစ္စတစ်ခုမှာ အမှားပါခဲ့ရင်တောင် တခြားသူအပေါ်အပြစ်တင်ခြင်း၊ ခေါင်းရှောင်ခြင်း၊ မသိကျိုးကျွန်ပြုခြင်းများ ဘယ်တော့မှမပြုလုပ်သင့်ပါဘူး။

ဖြစ်လာတဲ့အကျိုးရလဒ်ကိုပဲ အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။

(၃) အချိန်ကိုတန်ဖိုးထားပါ

အချိန်ကို လေးစားတန်ဖိုးထားတဲ့ သူတိုင်းအတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းအလိုမှာရှိနေပါတယ်။ ဘာလုပ်လုပ်ကြိုတင်ပြင်ဆင်မှုရှိပြီး အချိန်ကိုအကျိုးရှိစွာ စီမံခန့်ခွဲတက်ခြင်းဟာ တိကျသေချာတဲ့ လုပ်ဆောင်မှုမျိုး ဖြစ်စေမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အချိန်ကို တန်ဖိုးထားလုပ်ဆောင်တဲ့ အကျင့်ကိုလေ့ကျင့်ယူပါ။

(၄) စေ့စပ်သေချာမှုရှိပါ

အသေးအမွှားကိစ္စလေးတွေကအစ စေ့စပ်သေချာမှုရှိရင် အမှားဆိုတာဖြစ်မလာနိုင်သလို မတော်တဆအမှားတစ်ခုခုဖြစ်ပေါ်ခဲ့ရင်လည်း ကြီးကြီးမားမားဆုံးရှုံးမှုမျိုးကြုံရမှာမဟုတ်ပါဘူး။

ဘာပဲလုပ်လုပ် သေချာမှုရှိအောင် ပြန်လည်စစ်ဆေးတဲ့အကျင့်ကို လက်ကိုင်ထားပါ။ အလုပ်ခွင်မှာ စေ့စပ်တဲ့သူတစ်ယောက်ဟာ ဘဝရဲ့ အရေးကြီးအခန်းကဏ္ဍတွေမှာလည်း စေ့စပ်မှုရှိတဲ့ အကျင့်ကောင်းတစ်ခု ရရှိစေမှာဖြစ်ပါတယ်။

(၅) ပေါင်းသင်းဆက်ဆံရေးကောင်းပါ

ဝန်ထမ်းကောင်းတို့မည်သည် အလုပ်ခွင်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရုံသာမက အလုပ်ခွင်ပြင်ပမှာလည်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လိုပါတယ်။

လူတစ်ယောက်အတွက် ပေါင်းသင်းဆက်ဆံရေးဟာ အခရာကျတယ်လို့ ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လူအများနဲ့ ပူးပေါင်းဆောင်မယ်ဆိုရင် လျင်မြန်လွယ်ကူစွာ ပြီးစီးနိုင်သလို အောင်မြင်တဲ့ရလဒ်တစ်ခုကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။