ဆံပင်ဟာ သင့်ပုံစံကို ဖော်ပြနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆံပင်ပျက်စီးခြင်းဟာ သင့်ရဲ့ Style ပျက်စီးလာခြင်းပဲ ဖြစ်ပါတယ်။ မှန်ရှေ့ကို ရပ်ကြည့်တိုင်း သင့်ဆံပင်တွေ ဘာကြောင့်များ အခုလို ပျက်စီးကုန်သလဲဆိုတဲ့အကြောင်းရင်းကို သိချင်မှာပါ။

လူနေမှုပုံစံဟာ ဆံပင်ပေါ်အများကြီး သက်ရောက်တယ်ဆိုပေမယ့် သင်မသိတဲ့ တစ်ခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။

ဆံပင်ပျက်စီးမှုဖြစ်နိုင်တဲ့ အကြောင်းရင်းဟာ အခုပြောမယ့် အလေ့အထ ၅ မျိုးကြောင့် ဖြစ်နိုင်ပါတယ်။

(၁) အလှကုန်သုံးစွဲမှု မှားခြင်း

သင်အသုံးပြုနေတဲ့ ထုတ်ကုန်တွေကို သတိထားပါ။ ခေါင်းလျှော်ရည် သုံးမယ်ဆိုရင် ခေါင်းလျှော်ရည်မှာ ပါရာဘန်းမပါ ၊ ဆာလ်ဖိတ်နဲ့ အယ်လ်ကိုဟောမပါတာမျိုး ဖြစ်သင့်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေဟာ ဦးရေပြားပိုပျက်စီးစေပြီး ဆံပင်ကျွတ်တာ ၊ ပျက်စီးတာ ဖြစ်စေနိုင်ပါတယ်။

အကောင်းဆုံးက သဘာဝ အော်ဂဲနစ်ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေ သုံးသင့်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ ခေါင်းလျှော်တာ ၄-၅ ကြိမ်လောက်ဆိုရင် သိသာတဲ့ အကျိုးကို တွေ့ရမှာပါ။

(၂) ‌ရေပူချိုးခြင်း

ပြင်းထန်တဲ့ အပူချိန်ဟာ ဆံပင်တွေကို ပျက်စီးနိုင်ပါတယ်။ ရေချိုးချိန်မှာလည်း Hot Shower ချိုးခြင်းဟာ ဆံပင်ထဲက သဘာဝအဆီတွေ ဖယ်ရှားတာကြောင့် ဆံသားတွေ ခြောက်သွေ့ကြမ်းတမ်းလာစေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးမယ်ဆိုရင် ခပ်နွေးနွေးရေနဲ့ ချိုးတာပဲ ဖြစ်သင့်ပါတယ်။

(၃) ဆံပင်အခြောက်မခံခြင်း

ဆံပင်ကို မှန်မှန်ကန်ကန် ခြောက်သွေ့မှု မလုပ်တဲ့ အကျင့်ကလည်း ဆံပင်ပျက်စီးစေနိုင်ပါတယ်။ ဆံပင်ထဲမှာ အစိုဓါတ်နဲ့ ချွေးတွေ ရှိခြင်းဟာ ဘက်တီးရီးယားနဲ့ မှိုတွေ ခိုအောင်းပေါက်ပွားစေနိုင်ပါတယ်။ ဒီနည်းနဲ့ ဗောက်ထတာနဲ့ တစ်ခြားမှိုရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

Dryer သုံးပြီး ဆံပင်အခြောက်ခံမယ်ဆိုရင်လည်း အပူချိန်ကို နှိမ့်ထားသင့်ပြီး Dryer နဲ့ ဆံပင်အကြား မှန်ကန်တဲ့ အကွာအဝေးမှာ ထားသင့်ပါတယ်။

(၄) Shampoo နဲ့ Oil Massage မသုံးခြင်း

ဆံပင်ကို မှန်ကန်တဲ့ ခေါင်းလျှော်ရည်သုံးပြီး တစ်ပတ် ၂ ခါ လျှော်ပေးသင့်ပါတယ်။ နောက်တစ်ခုက အုန်းဆီနဲ့ ဆံပင်ကို နှိပ်နယ်ပေးတာမျိုးလည်း လုပ်သင့်ပါတယ်။ Oil Massage လုပ်ပြီး ခေါင်းလျှော်နိုင်ပါတယ်။

(၅) ခေါင်းလျှော်ရည်အစား ဆပ်ပြာသုံးခြင်း

ဆံပင်ကို ဆပ်ပြာနဲ့ ပြီးပြီးရော ခေါင်းလျှော်လိုက်တာကလည်း ဆံပင်ချောက်သွေ့ကြမ်းတမ်းပြီး ပျက်စီးစေတဲ့ အကျင့် ဖြစ်ပါတယ်။ ဆံပင်နဲ့ ကိုယ်ခန္ဓာပေါ်က အရေပြား မတူသလို သုံးတဲ့ ပစ္စည်းလည်း တစ်ခုတည်း သုံးလို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် ဆပ်ပြာခဲနဲ့ ခေါင်းလျှော်တဲ့အကျင့်ကတော့ ဆံပင်ကို ပျက်စီးစေလို့ ရှောင်ရှားရမှာပါ။