မိမိအလုပ်မှာ ရာထူးတိုးအောင် ကြိုးစားချင်တဲ့သူတို့အတွက် နည်းလမ်းကောင်းအချို့ရှိပါတယ်။ ရာထူးတိုးအောင် ကြိုးစားရမယ့် နည်းလမ်းက (၅) ချက်ပါပဲ။

အချို့အရာတွေကိုလည်း အားလုံး သိပြီးသားဖြစ်မှာပါ။ (၅) ချက်စလုံးက အရေးကြီးတာကြောင့် လိုက်နာကျင့်သုံးကာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြည့်ဝအောင် ကြိုးစားလိုက်ပါ။

ကိုယ့်မှာ လိုအပ်တဲ့အရည်အချင်းများကို ဖြည့်ပါ

သင့်ရဲ့သူဌေးက ဘယ်လိုအရည်အချင်းမျိုးကို လိုက်ရှာနေသလဲဆိုတာကို အရင်လေ့လာပါ။ ကိုယ့်မှာ လိုအပ်တဲ့အားနည်းချက်များ ရှိပါလိမ့်မယ်။ ကိုယ့်ရဲ့အားနည်းချက်များ လိုအပ်တဲ့အရည်အချင်းများကို ဖြည့်တင်းပါ။

တကယ်ဆိုရင် သင် လုပ်ငန်းခွင် မဝင်ခင်၊ အင်တာဗျူး မဖြေခင်ကတည်းက အရင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ဝင်ပြီးမှ ရာထူးတိုးစာမေးပွဲ ထပ်ဖြေရမယ်ဆိုလည်း ရပါသေးတယ်။

တာဝန်အသစ်များကို ကိုယ့်ကို မခိုင်းခင်ကတည်းက Volunteer အဖြစ် ဝိုင်းကူလုပ်ပါ

ကိုယ့်ဘက်က မခိုင်းခင်ကတည်းက Volunteer အဖြစ် လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့အထက်လူကြီးများ၊ လုပ်ငန်းရှင်က သတိထားမိလာပြီး ကိုယ့်ကို ထိုအလုပ်တာဝန်အသစ်ပေးအပ်လာပါလိမ့်မယ်။

ကိုယ့်ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်သန်စွာ လုပ်ဆောင်နေမှုကို ပြသတဲ့အခါ ရာထူးတိုးဖို့လည်း လွယ်ကူလာပြီး သင့်ရဲ့အထက်လူကြီးများရဲ့ သတိထားခြင်းကို ခံရလာပါလိမ့်မယ်။

အသင်းအဖွဲ့စိတ်ဓာတ်ရှိရပါမယ်

ယနေ့ခေတ်တွင်လည်း ကုမ္ပဏီတော်တော်များများက အသင်းအဖွဲ့နှင့် အလုပ်လုပ်ဆောင်တတ်သူများကိုသာ လုပ်ငန်းခွင်ထဲမှာ အလုပ်ခန့််ချင်ကြတာပါ။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းကြသူများနဲ့လည်း ဘယ်သူမှ အလုပ်လုပ်ချင်ကြမှာ မဟုတ်ပါဘူး။

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲဆက်ဆံတတ်ဖို့ ကြိုးစားပါ

ကိုယ်သည် လူ့ဂွစာတစ်ယောက်လို နေထိုင်ပြုမူနေလို့မရပါဘူး။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေနိုင်ရပါမယ်။ သို့မှသာလျှင် ကိုယ့်လုပ်ငန်းခွင်မှာ မိတ်အသစ်တွေ တိုးလာမှာဖြစ်ပြီး ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်အတွက် အကျိုးဖြစ်ထွန်းစေမှာပါ။

ကိုယ့်လုပ်ငန်းရှင်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပါ

ကိုယ့်သူဌေးကို ဖားရမယ်လို့မဆိုလိုပါဘူး။ ပြီးတော့ ကိုယ့်သူဌေး ခိုင်းသမျှတွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့ ပုတ်သင်ညိုလို ပြုနေမူစရာမလိုပါဘူး။

ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ထိရှိသလဲ။ ဘယ်အထိကတော့ဖြင့် လုပ်ဆောင်နိုင်တယ်။ ဘယ်နေရာကိုတော့ မလုပ်တတ်ဘူး။ ဒါပေမဲ့ သင်ပေးမယ်ဆိုရင်တော့ အလွယ်တကူတတ်မြောက်လွယ်တာကြောင့် သင်ပြပေးဖို့တော့ လိုအပ်ကြောင်း စကားအရာ အလိမ္မာသုံးပြီး ပြောဆိုတတ်ရပါမယ်။

လုံးဝကြီး မလုပ်တတ်ဘူးလို့ ငြင်းလိုက်တဲ့အခါ သူသည် သင့်ကို နောက်ထပ်အလုပ်သစ်တွေ ပေါ်လာပါက ထပ်ခိုင်းတော့မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ သင့်အတွက် ရာထူးတိုးဖို့အခွင့်အလှမ်းသည် မှေးမှိန်သွားမှာပဲဖြစ်ပါတယ်။

စိတ်ရှည်သည်းခံတတ်ပါစေ

ဘယ်နေရာမှာမဆို စိတ်ရှည်သည်းခံတတ်ဖို့လိုအပ်ပါတယ်။ သူဌေးကလည်း ငါ့ကို ရာထူးမတိုးပေးသေးပါလားဆိုပြီး ငြိုငြင်နေမယ့်အစား အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းတတ်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် အလုပ်တစ်ခု လုပ်ကိုင်တဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ခြင်းကသာလျှင် အမှားကင်းအောင် ကူညီပေးမှာပါ။ သင့်အနေနဲ့ စိတ်မြန်လက်မြန်နဲ့ လုပ်ဆောင်မယ်ဆိုရင် အလုပ်က မကြာသင့်ဘဲနဲ့ ကြာသွားတာမျိုး၊ အမှားအယွင်းတစ်စုံတစ်ရာ ပါသွားတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလုပ်ခွင် မှာ ရာထူးတိုး ဖို့ စောင့်ဆိုင်းနေတဲ့ ကွီး တစ်ယောက်ဆိုရင်တော့ စိတ်ရှည်တတ်ဖို့လည်း လိုအပ်သလို ကိုယ့်အလုပ်နဲ့ ပတ်သက်လာရင်လည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။

အလုပ်ခွင်မှာ ရာထူးမြန်မြန်တိုးစေမယ့် နည်းလမ်းကောင်း

ပေါင်းသင်းဆက်ဆံရေး၊ ခေါင်းဆောင်မှုပိုင်း၊ အတွေ့အကြုံ၊ နည်းပညာကျွမ်းကျင်နိုင်မှု အစရှိတဲ့ အရည်အချင်းများ လိုအပ်တဲ့အပြင် အရည်အချင်းတစ်ခုစီတိုင်းမှာ အဆုံးစွန်အထိ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်ပါတယ်။ သို့မှသာလျှင် ကိုယ် လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။