တစ်ခါတစ်လေမှာ ကိုယ်လျောက်လှမ်းနေတဲ့ လမ်းကြောင်းတစ်ခုအပေါ် လက်လျော့ အရှုံးပေးချင်တဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တကယ်တော့ လူအများစု မအောင်မြင်ဘူးဆိုတာလည်း လမ်းခရီးတစ်ဝက်မှာ လက်လျော့အရှုံးပေးလိုက်ကြလို့ပါ။

ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ တစ်ခါတစ်လေမှာ စိတ်ဓာတ်တွေကျပြီး အရှုံးပေးချင်စိတ်ဖြစ်လာတိုင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခိုင်မာတဲ့ဦးတည်ချက်ရှိပါစေ

ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ လက်လျော့အရှုံးပေးချင်ဖြစ်နေပါစေ ခိုင်မာတဲ့ဦးတည်ချက်တစ်ခုရှိထားမယ်ဆိုပါက လက်လျော့အရှုံးပေးချင်တဲ့စိတ်တွေကို ဖျောက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ လောကမှာ ဘယ်အရာမှတော့ လွယ်ကူတယ်ဆိုတာမရှိပါဘူး။ အခက်အခဲအတားအဆီးတွေဆိုတာ ရှိကြစမြဲပါ။ သင့်အနေနဲ့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုရင် ခိုင်မာတဲ့ဦးတည်ချက်တစ်ခု ချမှတ်ထားဖို့ အရေးကြီးပါတယ်။

(၂) လဲကျတိုင်းပြန်ထနိုင်ပါစေ

ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့လူတိုင်း ကျရှုံးမှုတွေ စိတ်ဓာတ်ကျစရာအခြေအနေတွေနဲ့ ကြုံတွေ့ကြရဖူးတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူတို့ဟာ လဲကျတိုင်းပြီးဆုံးသွားပြီလို့ မသတ်မှတ်ကြပါဘူး။ ၅ကြိမ်လဲကျရင် ၆ ကြိမ်မြောက်ပြန်ထဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်လျောက်လှမ်းရာလမ်းမှာ ကျရှုံးမှုတွေဖြစ်လာရင်တောင် အရှုံးပေးဖို့စိတ်မကူးပါနဲ့။ အမှားကနေသင်ယူပြီး နောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။

(၃) ဖြတ်သန်းခဲ့တဲ့ခရီးတစ်လျောက်ကို ပြန်သုံးသပ်တက်ပါစေ

လူတိုင်းလူတိုင်း ကိုယ့်လျောက်နေတဲ့ လမ်းကြောင်းတစ်ခုအတွက် ပန်းတိုင်မရောက်ခင်မှာပဲ အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့်အရှုံးပေးမယ်လို့ စဉ်းစားမိတိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ ခရီးတစ်လျောက်က ကြိုးစားခဲ့မှုတွေ ပင်ပန်းခဲ့မှုတွေအားလုံးကို ပြန်လည်မြင်ယောင်ကြည့်ပါ။

ဒီလောက်တောင် ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့သမျှ လွယ်လွယ်နဲ့ လက်မလျော့မိစေဖို့ အတိတ်က ကိုယ့်ရဲ့ ကြိုးစားမှုတွေက ဟန့်တားနေမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ကြိုးစားခဲ့မှုတွေကို ပြန်လည်မြင်ယောင်ပြီး အားကုန်သုံးကာ အနာဂတ်ပန်းတိုင်စီ ဆက်လက်လျောက်လှမ်းပါ။