တစ်နေ့တစ်နေ့ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ စိတ်ဖိစီးမှုဆိုတာ မဖိတ်ခေါ်ပါဘဲနဲ့ အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့ ဧည့်သည်ပါပဲ။ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ဘက်ပေါင်းစုံကြောင့် စိတ်ဖိစီးမှုတွေ ဝင်ရောက်လာတဲ့အခါ အခုလို နည်းလမ်းလေးတွေ အသုံးပြုပြီး စိတ်ဖိစီးမှုကို ပြန်လည်တိုက်ထုတ်နိုင်ပါတယ်။
ဖုန်းနှင့် ကွန်ပျူတာ သုံးစွဲမှုကို လျော့ချပါ
ဖုန်း၊ ကွန်ပျူတာ၊ တီဗွီစတဲ့ လျှပ်စစ်ပစ္စည်းများမှ ထွက်ရှိတဲ့ အပြာရောင်အလင်းတန်းက သင့်ရဲ့အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထိုအလင်းတန်းနဲ့ ထိတွေ့မှုများလေ အိပ်စက်ရခက်လေဖြစ်ပြီး မနက်နိုးလာတဲ့အခါမှာလည်း တစ်ကိုယ်လုံးနုံးချိနေတတ်ပါတယ်။ ရက်ဆက်လာတဲ့အခါ စိတ်ဖိစီးမှုများ၊ စိတ်ကျရောဂါတို့ကို ခံစားရတတ်ပါတယ်။
ဒါ့ကြောင့် အိပ်ခါနီးတစ်နာရီအလိုကတည်းက ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာသုံးခြင်းတို့ကို ရပ်တန့်ပစ်လိုက်ပါ။
သပ်သပ်ရပ်ရပ် ဝတ်စားပါ
အပြင်သွားမှ သပ်သပ်ရပ်ရပ် ဝတ်စားရတာမဟုတ်ပါဘူး။ အိမ်မှာနေလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေသင့်ပါတယ်။ ဖရိုဖရဲဖြစ်နေခြင်းက အလုပ်လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်ကို လျော့ကျစေကာ စိတ်ဓာတ်ကျစေပါတယ်။ အချိန်ကြာလာတဲ့အခါ “ငါဟာ ဆန်ကုန်မြေလေးတစ်ယောက်ပါလား” ဆိုပြီး မိမိကိုယ်ကို အားမလိုအားမရဖြစ်ကာ ဘဝကြီးမှ နေပျော်မှာမဟုတ်တော့ပါဘူး။
ကခုန်ပါ
သင့်ရဲ့ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့အခါ သီချင်းဖွင့်ပြီး သံစဉ်များနဲ့ စီးမျောကခုန်လိုက်ပါ။ ခုန်ပေါက်ကခုန်ခြင်းက စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး စိတ်ဖိစီးမှုများ ပျောက်ကွယ်သွားနိုင်ပါတယ်။ စိတ်ခံစားချက်များလည်း ပြန်လည်ကောင်းမွန်လာပြီး လေ့ကျင့်ခန်းပြုလုပ်ပေးရာရောက်တာကြောင့် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်ပြီပေါ့။
ရှုပ်ပွနေတာတွေကို ရှင်းလင်းလိုက်ပါ
သင်က ဘာအလုပ်မှ လုပ်ချင်စိတ်မရှိဖြစ်နေပြီး ပျင်းရိပျင်းတွဲဖြစ်နေပြီဆိုရင် သင့်ရဲ့အိပ်ခန်း၊ အလုပ်စားပွဲကို သတိထားကြည့်လိုက်ပါ။ သင့်ရဲ့အခန်းက ရှုပ်ပွနေတာကို မြင်တွေ့ရပါလိမ့်မယ်။ သင့်မြင်ကွင်းထဲမှာ ရှုပ်ပွနေခြင်းက သင့်ရဲ့စိတ်ကိုလည်း ရှုပ်ထွေးစေပါတယ်။
ဒါ့ကြောင့် သင့်ရဲ့အလုပ်စားပွဲ၊ စာကြည့်ခန်း၊ အိပ်ခန်းကို သန့်ရှင်းသပ်ရပ်အောင် အရင်လုပ်လိုက်ပါ။ သင့်ရဲ့ညစ်ထေးနေတဲ့ စိတ်ခံစားချက်၊ ပျင်းရိပျင်းတွဲစိတ်ခံစားချက်များကို မလိုလားအပ်တဲ့ အမှိုက်သရိုက်များနဲ့အတူ ဖယ်ရှားပစ်လိုက်ပါ။ အခန်းရှင်းနေချိန်မှာလည်း သီချင်း ဖွင့်ပြီး ခုန်ပေါက်ကခုန်နိုင်ပါသေးတယ်။