ပန်းရောင်ကို လူအများစုက ကလေးဆန်တယ်။ တည်ငြိမ်မှုမရှိဘူး။ ဒီလိုပြောကြပါတယ်။ ကျွန်မတို့ကလေးဘဝတုန်းက ဂါဝန်လေးတွေရွေးတဲ့အချိန် ပန်းရောင်လေးတွေကိုပဲ ဦးစားပေးရွေးခဲ့ဖူးမှာပါ။ သင်က ပန်းရောင် Crazy တစ်ယောက်ဆိုရင်တော့ ပန်းရောင်ကို ကလေးဆန်တဲ့ပုံစံမဟုတ်ဘဲ ကျက်သရေရှိအောင် နည်းအမျိုးမျိုးနဲ့ ဝတ်ဆင်နိုင်ပါတယ်။

ပန်းရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က လူတွေကြား ထင်းသလို ချစ်ဖို့လည်း ကောင်းပါတယ်။ တချို့မိန်းကလေးတွေဆိုရင် အဝတ်အစားတိုင်း အသုံးအဆောင်တိုင်း ပန်းရောင်လေးတွေဖြစ်နေတာ မြင်ဖူးမှာပါ။ သင်လည်း ပန်းရောင်နှစ်သက်သူဆိုရင် အောက်မှာပြောထားတဲ့နည်းလမ်းတွေနဲ့ ပန်းရောင်ပါဝင်အောင် ဝတ်ဆင်နိုင်ပါတယ်။

၁။ ပါးနီ

ပါးနီပန်းရောင်လေးတွေက သင့်ကို ကိုးရီးယားဆန်ဆန် အလှမျိုးလေးရစေပါတယ်။ သင်က ပန်းရောင် Crazy ဆိုရင် ဒီနည်းလမ်းနဲ့ ပန်းရောင်ကို ဝတ်ဆင်နိုင်ပါတယ်။ ပါးနီပန်းရောင်ခြယ်တဲ့နေရာမှာလည်း ပါးပါးလေးနဲ့ Brush ကြီးကြီးကို သုံးခြယ်ပေးပါ။

၂။ လက်သည်းနီ

ပန်းရောင်ချစ်တတ်သူတစ်ယောက်အနေနဲ့ ပန်းရောင်လက်သည်းနီလေးတွေနဲ့လည်း ကိုယ်စားပြုနိုင်ပါတယ်။ လက်သည်းနီပန်းရောင်တွေက မိန်းကလေးတိုင်းရဲ့ လက်နဲ့ လိုက်ဖက်ပါတယ်။

၃။ ပန်းရောင် လက်ဝတ်ရတနာ

သင်က တစ်ကိုယ်လုံးပန်းရောင်မဆင်ချင်ရင်တော့ လက်ဝတ်ရတနာတွေကို ပန်းရောင်ဝတ်ဆင်နိုင်ပါတယ်။ ပန်းရောင်နားကပ်၊ ပန်းရောင် လက်ကောက်နဲ့ ဆွဲကြိုးဝတ်ဆင်နိုင်ပါတယ်။ ပန်းရောင်က အနက်ရောင်၊ လိမ္မော်၊ အဝါရောင်၊ အစိမ်းရောင်နဲ့ အပြာနုရောင်တို့နဲ့ လိုက်ဖက်ပါတယ်။

၄။ ပန်းရောင်ကုတ်အင်္ကျီ

သင်က ပန်းရောင်နှစ်သက်သူဆိုရင် ပန်းရောင်ကုတ်အင်္ကျ ီတစ်ထည်နဲ့ ကျက်သရေရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ မိန်းကလေးအချို့ကတော့ ကုတ်အင်္ကျ ီဆိုရင် အရောင်နုနု Neutral Color တွေရွေးဝယ်တတ်ပါတယ်။ သင်က သူများဝတ်လို့ဆိုပြီး လိုက်ဝတ်စရာမလိုပါဘူး။ ကိုယ်နှစ်သက်တဲ့ အဝတ်အစားကိုသာ ဝတ်ဆင်သင့်ပါတယ်။

၅။ ဆံပင်

ပန်းရောင်နှစ်သက်သူဆိုရင် ဆံပင်အရောင်ကို ပန်းရောင်လိုင်းဖောက်နိုင်ပါတယ်။ သင့်အလုပ်က အရောင်ဆိုးတာ ခွင့်ပြုရင်ပေါ့။ ကိုယ့်စတိုင်နဲ့ ကိုယ်နေတာ အလှဆုံးပါပဲ။

၆။ ပန်းရောင်ဂါဝန်

ပွဲတက်ဂါဝန်ဆိုတာနဲ့ အနက်ရောင်ပဲ ဝယ်ဖြစ်မှာပါ။ သင်က ပန်းရောင်နှစ်သက်သူဆိုရင် ပန်းရောင်ကို မချန်ခဲ့သင့်ပါဘူး။ ပန်းရောင်ဂါဝန်လေးက လူကြားထဲ ထင်ပေါ်နေစေမှာ အမှန်ပါပဲ။ သင်ကိုယ်တိုင်လည်း နှစ်သက်တဲ့အရောင် ဝတ်ထားရတာကြောင့် ကျေနပ်နေမှာပါ။

၇။ ဖိနပ်

ကိုယ်သွားတဲ့လမ်းခရီးမှာ ကိုယ်ကြိုက်တဲ့ပန်းရောင်လေးနဲ့ဆို ကျေနပ်စရာပါပဲနော်။ ပန်းရောင်က Neutral အရောင်အများစုဖြစ်တဲ့ အညိုရောင်၊ မီးခိုးရောင်၊ အနက်ရောင်၊ Navy Blue တွေနဲ့ လိုက်ဖက်ပါတယ်။ သင်က တစ်ကိုယ်လုံး ပန်းရောင်ဆင်ရမှာ မနှစ်သက်သူဆိုရင် ပန်းရောင်ဖိနပ်လေးဝတ်ဆင်နိုင်ပါတယ်။

သင်ကော ပန်းရောင်နှစ်သက်သူဆိုရင် ဘယ်လိုနည်းတွေနဲ့ ဝတ်ဆင်လေ့ရှိလဲ။ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar