တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက ကိုယ့်ရဲ့ ကိုယ်ရေကိုယ်သွေးကို အများကြီး အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရုံးတက်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ စမတ်ကျစေဖို့ သိထားသင့်တဲ့ Fashion Tips လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ခန္ဓာကိုယ်အချိုးအစားနဲ့ အညီဝတ်ဆင်ပါ

အဝတ်အစားဝတ်ဆင်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အညီဝတ်ဆင်တက်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ် ဝတဲ့ခန္ဓာကိုယ်ရှိသူပဲဖြစ်ဖြစ် အဝတ်အစားဝတ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်မယ့်ပုံစံမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ကိုယ်နဲ့အရမ်းကြီးပွနေတဲ့ ဝတ်စုံမျိုး အရမ်းကျပ်နေတဲ့ဝတ်စုံမျိုးတွေက သင့်ရဲ့ဖက်ရှင်ကို ကြည့်ရဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့အညီ ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၂) မတူညီတဲ့ပုံစံလေးတွေ ပြောင်းလဲဝတ်ဆင်ပါ

အများစုက ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ပုံစံတစ်မျိုးထဲကိုသာ အစဉ်တစိုက်ဝတ်ဆင်လေ့ရှိကြပါတယ်။ တကယ်တော့ ဖက်ရှင်တစ်မျိုးထဲ ဒီလိုဝတ်ဆင်ခြင်းက ရိုးအီဖို့ကောင်းပြီး အများအမြင်မှာလည်း သင့်ကိုဆွဲဆောင်မှုလျော့ကျစေမှာဖြစ်ပါတယ်။

(၃) ဖိနပ်ကိုမထပ်အောင်ဝတ်ဆင်ပါ

သင့်ရဲ့ ဖက်ရှင်ကို အဆင့်မြှင့်တင်ပေးမယ့် အရာတွေထဲမှာ ဖိနပ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အများစုကတော့ ကိုယ်နဲ့အဆင်ပြေတယ် စီးရတာသက်တောင့်သက်သာရှိတယ်ဆိုတဲ့ ဖိနပ်တစ်မျိုးထဲကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်တက်ကြတာပါ။

တကယ်တော့ ကိုယ်ဝတ်ဆင်မယ့်အဝတ်အစားနဲ့ လိုက်ဖက်မှုရှိစေမယ့် ရှုးဖိနပ်ပုံစံလေးတွေကိုလည်း အမျိုးမျိုးပြောင်းပြီး ဝတ်ဆင်သင့်ပါတယ်။ ဒါကြောင့်ကိုယ့်မှာအနည်းဆုံး မတူညီတဲ့ ဖိနပ်ပုံစံ (၃) ရံလောက်တော့ ရှိထားသင့်ပါတယ်။

(၄) Accessories တွေနဲ့ တွဲဖက်ဝတ်ဆင်ပါ

ဖက်ရှင်ပိုင်းမှာ Accessories ပစ္စည်းလေးတွေကလည်း မပါမဖြစ်ပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမှာက အလုပ်ခွင်ဖြစ်တာကြောင့် မျက်စိရှုပ်စေမယ့် Accessories ပစ္စည်းတွေ ဝတ်ဆင်ဖို့မသင့်တော်ပါဘူး။

လက်စွပ် ခါးပတ် နာရီ နေကာမျက်မှန် ဆွဲကြိုးအသေးလေး စတဲ့ Accessories ပစ္စည်းလေးတွေတော့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။