ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဟာ သင့်ရဲ့ပင်ကိုယ်စတိုင်လ်ကို ပိုမိုဆွဲဆောင်မှုတိုးလာအောင် ကူညီပေးနိုင်ပါတယ်။ နေကာမျက်မှန်၊ ခါးပတ်၊ ဦးထုပ်၊ လက်ပတ် စသည်ဖြင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ အများအပြားရှိတဲ့အနက် ဆွဲကြိုးတွေကို ဝတ်ဆင်ရတဲ့ နှစ်သက်သူတို့အတွက် အမိုက်စား ဖက်ရှင်ဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။

ဆွဲကြိုးဖက်ရှင်ဒီဇိုင်းတွေက အခုမှ စတင်ခေတ်စားလာတာ မဟုတ်ပါဘူး။ အရင်ကတည်းက ခေတ်စားနေတဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။

ဒီလိုမျိုး ဖန်စီဆွဲကြိုး ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို သိထားသင့်ပါတယ်။

ဘယ်လိုသတ္တုမျိုးကို ရွေးချယ်မလဲ စဉ်းစားပါ

ကိုယ်က ငွေဖြူ ကြိုက်တာလား၊ ရွှေ ကြိုက်တာလား၊ ပလက်တီနမ်ကို ရွေးချယ်ချင်တာလား ဆိုတာကတော့ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကိုယ် ရွေးချယ်လိုက်တဲ့ သတ္တုသည် ကိုယ့်အသားနဲ့ ဓာတ်တည့်ဖို့တော့လိုအပ်ပါတယ်။ အချို့ Sensitive အသားအရေပိုင်ရှင်တွေက ငွေနှင့် ရွှေသာ ဝတ်ဆင်လို့ရကြပါတယ်။

လော့ကတ်သီးများကို ကိုယ်ပိုင်ဒီဇိုင်းရရှိအောင် ပြုလုပ်ပါ

အခြားသူများနှင့် မတူတဲ့ ကိုယ်ပိုင်ဒီဇိုင်းလေး လိုချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် လော့ကတ်သီးဒီဇိုင်းလေးရအောင် ဒီဇိုင်နာထံ Customized လုပ်ပြီး အပ်လို့ရပါတယ်။ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ပြည့်ဝကာ ထူးခြားပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ ကိုယ်ပိုင်ဆွဲကြိုးတစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။

ဆွဲကြိုးအရှည်ကို ထည့်တွက်ပါ

ပုံမှန် ဆွဲကြိုးနှင့် ချိန်းကြိုးများရဲ့ ဖက်ရှင် ဒီဇိုင်းတွေကတော့ များသောအားဖြင့် ၁၈ လက်မနှင့် ၂၂ လက်မကြားရှိပါတယ်။ ထိုအရှည်မျိုးဆိုရင်တော့ ညှပ်ရိုးနားတစ်ဝိုက်မှာ တွဲလွဲခိုနေမှာဖြစ်ပြီး မတိုမရှည်လေးနဲ့ ကြည့်ကောင်းနေမှာဖြစ်ပါတယ်။

ကြိုးရဲ့အမျိုးအစား

အချို့ကလည်း ခပ်ကြီးကြီးမှ ကြိုက်ကြပြီး အချို့ကလည်း သေးသေးမျှင်မျှင်လေးကို သဘောကျကြပါတယ်။ ကိုယ့်ရဲ့အကြိုက်အပေါ် မူတည်ပြီး ဆွဲကြိုးဒီဇိုင်းအမျိုးအစားများကို ရွေးချယ်ဝယ်ယူကာ ဝတ်ဆင်နိုင်ပါတယ်။