ပျိုမေတို့ထဲမှာ ခါးရှည်ပြီး ခန္ဓာကိုယ်အနေအထားမမှန်သလိုခံစားရလို့ အဝတ်အစားရွေးတိုင်း ခေါင်းခြောက်ရတဲ့သူတွေရှိလား။ နာမည်ကြီး နိုင်ငံခြားမော်ဒယ်လ်အချို့မှာလည်း ဒီလိုခါးရှည်တဲ့ ဘော်ဒီမျိုးရှိကြတာမို့ ကြည့်ရဆိုးတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ အရှိအတိုင်း လိုက်ဖက်အောင် ရွေးဝတ်တတ်ဖို့ကသာ အဓိကပါနော်။
ခါးရှည်တဲ့အခါ အဝတ်အစားအရွေးမှားရင် ဝတ်ရတာလည်း သက်တောင့်သက်သာမရှိသလို ခန္ဓာကိုယ်အချိုးအစားပါ ပြောင်းသွားမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက် ပျိုမေတို့အတွက် ခါးရှည်တာ မသိသာအောင် လှည့်စားနိုင်မယ့် ဖက်ရှင်ရွေးချယ်နည်းတွေကို မျှဝေပေးချင်ပါတယ်။ တကယ်တမ်းအသုံးဝင်တဲ့နည်းတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်ပါ။
High Waist ဖြစ်တဲ့ ဘောင်းဘီခါးရှည်လေးတွေဝတ်ပါ
ဘောင်းဘီကို ခါးတင်လောက်မဟုတ်ဘဲ ခါးအပေါ်ထိရှည်တဲ့ High Waist လေးတွေရွေးချယ်ပေးပါနော်။ ခြေမျက်စိအောက်ရောက်တဲ့ ခပ်ရှည်ရှည်ဘောင်းဘီမျိုးဆို ပိုကောင်းပါတယ်။ ခြေတံသွယ်ပြီး ရှည်သွားသလိုပါ ထင်ရစေမှာပါ။
Crop top လေးနဲ့တွဲဝတ်ပါ
ခါးကြောရှည်တာကိုမှ အပေါ်အင်္ကျီကလည်း ခါးရှည်ဆိုရင် အရမ်းသိသာပြီး ကြည့်ရဆိုးသွားနိုင်ပါတယ်နော်။ ဒါကြောင့် မသိသာစေမယ့် ခါးတိုအင်္ကျီလေးတွေရွေးဝတ်ဖို့ မမေ့ပါနဲ့။ ခါးတင်ကိုမှ ဘေးဘက်ကားသွားတဲ့ အင်္ကျီမျိုးဆိုရင်လည်း လိုက်ဖက်မှာပါ။ ခါးရှည်အင်္ကျီဝယ်ထားမိတဲ့သူတွေက High Waist ဘောင်းဘီထဲထည့်ဝတ်တာမျိုး လုပ်နိုင်ပါတယ်။
ရင်စည်းဂါဝန်လေးတွေဝတ်ကြည့်ပါ
ဂါဝန်ဝတ်မယ်ဆိုရင် ခါးစည်းပါတဲ့ပုံစံတွေထက် ရင်ဘက်နား အစည်းပါတဲ့ ဂါဝန်အောက်ကားလေးတွေ ရွေးဝတ်ပေးပါနော်။ ခါးကိုမမြင်ရတာမို့ ခါးကြီးတာ၊ ရှည်တာလည်း မသိသာသလို ချစ်စရာကောင်းပြီး ဝတ်ရတာလည်း လွတ်လပ်ပါတယ်။
ဒေါက်အမြင့်ပါတဲ့ဖိနပ်လေးတွေရွေးချယ်ပါ
ဖိနပ်အကပ်တွေထက်စာရင် ဒေါက်ပါတဲ့ဖိနပ်ပုံစံလေးတွေရွေးချယ်တာက အရပ်မြင့် ခန္ဓာကိုယ်အောက်ပိုင်းပိုရှည်သွားသလိုမြင်ရတာမို့ ခါးရှည်နေတာ မသိသာအောင် ညှိပေးပါတယ်နော်။ ဖိနပ်အတွက် ဘောင်းဘီအရောင်နဲ့အတွဲအစပ်ကျတဲ့ ကာလာမျိုးကို ရွေးချယ်ပေးပါ။
မကြာခဏ ခါးပတ်ပတ်ပေးပါ
ခါးနေရာပေါ်ချင်ရင် ခါးပတ်ပြားအကြီးတွေနဲ့ပတ်ပြီး တွဲဝတ်ကြည့်ပါနော်။ ခါးပတ်အရောင်ကို ကိုယ်ဝတ်မယ့်ဘောင်းဘီနဲ့တူအောင် ရွေးပေးတာက ခန္ဓာကိုယ်အောက်ပိုင်းပိုပေါ်ပြီး ခြေတံရှည်သွားသလိုမြင်ရတာမို့ ခါးရှည်ပြီး အရပ်ပုတဲ့သူတွေအတွက် အဆင်ပြေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar