ဗိုက်ရွှဲတာဖြစ်ဖြစ် ပုခုံးကျယ်တာဖြစ်ဖြစ် တင်ပါးကားတာဖြစ်ဖြစ် ဒါမှမဟုတ် သုံးခုလုံး ပေါင်းနေတာပဲဖြစ်ဖြစ် ဝနေတယ်လို့များ ခံစားရရင် အဝတ်အစားဝတ်တဲ့နေရာမှာ စိတ်သက်သောင့်သက်သာ သိပ်မဖြစ်လှပါဘူး။

ကိုယ်နဲ့လိုက်ဖက်တဲ့အပြင် ကိုယ်ရည်စစ်တဲ့ပုံ ပေါက်အောင် ဝတ်စားတတ်ရင် ဝတယ်လို့တောင် မထင်ရတော့ပါဘူး။

မြန်မာဝတ်စုံဝတ်တဲ့အခါ သိပ်မသိသာပေမယ့်လို့ အနောက်တိုင်းဝတ်စုံ ထသွားထလာဝတ်စုံတွေ ဝတ်တဲ့အခါ စတိုင်မကျဘူး ခံစားရပါတယ်။

ချပ်ချပ်ရပ်ရပ်ဝတ်ပါ။

ကိုယ်က ဝဖိုင့်ဖိုင့် ဖြစ်နေရင် အဝတ်အစားကိုလည်း ပွပွယောင်းယောင်း မဝတ်သင့်ပါဘူး။ ပွတဲ့အဝတ်အစားတွေက ကိုယ်ခန္ဓာကို ဖုံးပေးမယ်လို့ ထင်တတ်ကြပါတယ်။ Fit ဖြစ်တဲ့အဝတ်အစားက ကိုယ်ဝတာ ပေါ်စေတယ်ဆိုတာ တကယ်တော့ မှားပါတယ်။ ကျပ်ထုပ်နေတာမျိုးမဟုတ်ဘဲ သက်သောင့်သက်သာနဲ့ Fitting ကျတာမျိုးဝတ်ပါ။

ရိုးရှင်းစွာဝတ်ပါ။

အပွင့်အဆင် ခပ်ရှုပ်ရှုပ်တွေ မျက်စိနောက်တဲ့ ပုံစံတွေနဲ့ မလိုက်ဖက်ပါဘူး။ ဗြောင်/ အစင်းကြောင်း ခပ်စိပ်စိပ်/ အကွက်သေးသေး/ အရောင်ဖျော့ဖျော့လေးတွေ ဝတ်တာက ကိုယ့်ကို ပိုပြီး ကြည့်ကောင်းစေပါတယ်။

ပေါ့ပေါ့ပါးပါးဝတ်ပါ။

အင်္ကျီပေါ်က ကုတ်အင်္ကျီထပ်။ ကုတ်အင်္ကျီပေါ်က မာဖလာပတ် စတာမျိုး အထပ်ထပ်တွေ မဝတ်ပါနဲ့။ အဲ့ဒါက လူကို ပိုပြီး ဝသယောင် ပုံပေါ်စေပါတယ်။ ဖြစ်နိုင်သမျှ တစ်ထပ် အေးလွန်းရင် နှစ်ထပ် ဝတ်ပါ။

ကော်လာကြီးကြီးဝတ်ပါ။

ပွဲတက်စရာရှိလို့အနောက်တိုင်း ဝတ်စုံ ဝတ်ရမယ်ဆိုရင် ကော်လာကြီးတဲ့ ကုတ်အင်္ကျီ ဝတ်ပါ။

ဘောင်းဘီကြိုးနဲ့ဝတ်ပါ။

စတိုင်ပန့်ဝတ်ရရင် မပွပါစေနဲ့။ အဖျားရှူးပြီး Fitting ကျတဲ့ ဘောင်းဘီမျိုးကို သိုင်းကြိုးနဲ့ဝတ်ပေးပါ။