ကိုယ့်ကိုယ်ကိုဝနေလို့ဆိုပြီး ယုံကြည်မှုတွေနည်းပြီး လှလှလေးတွေဝတ်ဖို့မစဉ်းစားတော့ပဲ ဝနေတာကိုမသိသာစေဖို့အရေး အင်္ကျီအပွတွေဝတ်ပြီး ဖြစ်သလိုနေတာမျိုးက တကယ်တော့အဆင်ပြေလွန်းတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးနော်။ ဝနေလို့ဆိုပြီးတော့ ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေကို ကြည့်ပြီးတော့လည်း သိမ်ငယ်နေစရာမလိုပါဘူး။
လူတိုင်းမှာ ကိုယ်ပိုင်အလှဆိုတာကို ပိုင်ဆိုင်ထားပြီးသားမို့လို့ ရှိနေပြီးတဲ့အလှတရားကို ပိုပြီးတော့တိုးလာအောင် ပြန်ပြီးတော့ပြုပြင်လိုက်ဖို့ပဲ့ လိုတာပါနော်။ ကဲ..ဒီတော့ အဝတ်အစားဖက်ရှင်ပိုင်းမှာ ခန္ဓာကိုယ်ပြည့်တဲ့ ပျိုမေလေးတွေကတော့ ဘယ်လိုဖက်ရှင်တွေနဲ့ လိုက်ဖက်အောင် ဘယ်လိုမျိုးလေးတေ ဝတ်ဆင်ရမလဲဆိုတော့ ပိုပြီးစဉ်းစားရတာပေါ့။ ဒါပေမဲ့ သိပ်ပြီးတွေးပူမနေပါနဲ့…ပြည့်ပြည့်ဖောင်းဖောင်းပျိုမေလေးတွေနဲ့ လိုက်ဖက်ပြီး ပိုပြီးစမတ်ကျလှပနေစေဖို့ ဒီအချက်လေးတွေကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုမယ်နော်။ ဘယ်လိုအချက်တွေလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…
ခန္ဓာကိုယ်ကောက်ကြောင်းကို အဓိကထားပေးပါ
အဝတ်အစားဝတ်တော့မယ်ဆိုရင် ဝနေလို့ဆိုပြီး ကြပ်တာလေးတွေဝတ်ဖို့ မသင့်တော်ဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှအပပေါ်လွင်ဖို့အတွက် အရမ်းကြပ်ထုပ်နေတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်အလှလေးကို ပေါ်လွင်နေစေမယ့် ဝတ်စုံမျိုးတွေကို ဝတ်ဆင်ပေးပါနော်။
ဗိုက်ပူနေတာတွေကို ဖုံးထားစရာမလိုပါဘူး
ဝနေတဲ့သူတွေရဲ့ အဓိကပြဿနာက အဲဒါပါပဲ။ ဗိုက်ပူနေတာကို ရှက်တယ်ဆိုရင် ဖုံးထားပြီး အင်္ကျီတွေကို ပုံစံမကျတာတွေကို ဝတ်ဆင်လာတတ်ကြတယ်။ ဒါမျိုးနည်းလမ်းအမှားကိုရှောင်ပြီး ပေါ့ပေါ့ပါးပါးပဲနေထိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိ ဝတ်ဆင်မယ်ဆိုရင်တော့ ပိုပြီးဖက်ရှင်ကျလှပနေမှာပါနော်။
ပုံသေမမှတ်ထားပါနဲ့
ပုံသေမှတ်ထားတတ်တဲ့အကျင့်မျိုးကို မလုပ်ထားပါနဲ့။ ဆိုင်တွေမှာ အဝတ်အစားသွားဝယ်တဲ့အခါမျိုးမှာ စမ်းဝတ်ကြည့်လို့ တော်ပြီဆိုပြီး ချက်ချင်းမဝယ်လိုက်ပါနဲ့။ ဒီဟာထက်သေးတဲ့ဆိုဒ်မျိုးကို ထပ်ပြီးတော့စမ်းဝတ်ကြည့်သင့်ပါသေးတယ်။
ဘယ်လိုပုံစံမျိုးကပိုလိုက်ဖက်တယ်ဆိုတာ
အဝတ်အစားတွေကိုဝတ်ဆင်တဲ့အခါမှာ ဖက်ရှင်တစ်မျိုးထဲသွားလို့မရပါဘူး။ ဝတယ်ဆိုပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အချိုးအစားမတူညီတာကြောင့် ကိုယ်နဲ့လိုက်ဖက်တာမျိုးလေးတွေကို သေချာရှာတတ်ဖို့လည်း အရေးကြီးပါတယ်။
စိတ်ပျော်ရွှင်စေတာမျိုးရွေးချယ်ပါ
အဝတ်အစားဆိုတာ ဝတ်လိုက်တဲ့အခါမျိုးမှာ ကိုယ်နဲ့လှနေရင် စိတ်ကလည်း အလိုလိုပျော်ရွှင်လာတာလေ။ ဒီလိုမျိုးဖြစ်စေတဲ့အဝတ်အစားမျိုးကိုပဲ ရွေးချယ်ပြီးဝတ်ဆင်မယ်ဆိုရင် တကယ်ကိုဖက်ရှင်ကျပြီး လှပနေမှာအသေချာပါပဲ။
Photo Source: Pinterest