ဖက်ရှင်နဲ့ပတ်သက်ပြီး ခေတ်ရေစီးကြောင်းနောက်သို့ လိုက်ပါစီးနင်းခြင်းက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ စကားလုံးတစ်ခုပဲဖြစ်ပါတယ်။ ရေစီးကြောင်းနောက် လိုက်တာ ကောင်းတယ်ဆိုပေမယ့် ရေစီးကြောင်းထက် ကျော်လွန်ပြီး အထိန်းအကွပ်မဲ့သွားမယ်ဆိုရင်တော့ ကောင်းတဲ့လက္ခဏာတစ်ရပ်မဟုတ်တော့ပါဘူး။

အထူးသဖြင့် ဖက်ရှင်စတိုင်လ်နဲ့ ပတ်သက်လာရင် ပိုပြီး သတိထားသင့်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်က ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်တယ်ဆိုရင်တောင် ကိုယ့် ခန္ဓကိုယ် သွင်ပြင်နဲ့ လိုက်ဖက်မှုရှိ မရှိ သေချာဆုံးဖြတ်သင့်ပါတယ်။

ကိုယ့်ရဲ့ဖက်ရှင်စတိုင်လ်က ရေစီးကြောင်းရဲ့ရှေ့ရောက်နေတယ်ဆိုရင်လည်း လူကြီးမိဘတွေအမြင်မှာ အမြင်တင့်တယ်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဖက်ရှင်ကျပြီး လှပကျော့ရှင်းတဲ့ မိန်းမပျိုလေးဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကို ရှောင်ကြဉ်ပေးဖို့လိုပါမယ်။

ဖက်ရှင်အသုံးဆောင်ပစ္စည်းများကို မလိုအပ်ရင် မဝတ်ပါနဲ့

အသုံးအဆောင်ပစ္စည်းများကို အလွန်အကျွံဝတ်စားဆင်ယင်ခြင်းက သင့်ရဲ့လှပကျော့ရှင်းမှုကို မှေးမှိန်စေတာကြောင့် မလိုအပ်ရင် မဝတ်တာ အကောင်းဆုံးပါပဲ။ တစ်ခါတလေမှာ အရိုးရှင်းဆုံးက အကောင်းဆုံးနဲ့ အလှပဆုံးပါပဲ။

ဘောင်းဘီအရှည်ကို မိမိဝတ်မယ့် ဖိနပ်အမြင့်နဲ့ လိုက်ဖက်မှုရှိအောင် ရွေးချယ်ပါ

ဘောင်းဘီအရှည်နဲ့ ဘောင်းဘီအပွတွေ ဝတ်မယ်ဆိုရင် ဘောင်းဘီအနားစများ အောက်မှာ ပုံကျမနေဖို့ အထူးဂရုစိုက်ပေးပါ။ ကြမ်းပြင်မှာ ပုံကျနေတဲ့အခါ သင့်ရဲ့ဘောင်းဘီက ညစ်ထေးသွားပြီး သင့်ရဲ့ဖက်ရှင်ကလည်း ဘယ်လိုမှ စတိုင်လ်ကျမှာ မဟုတ်တော့ပါဘူး။

ပေါ့ပေါ့ပါးပါး လျှောက်လည်တဲ့အခါ လက်ကိုင်အိတ်ထက် ဘေးလွယ်အိတ်ကို ဦးစားပေးပါ

ဘေးလွယ်အိတ်လေး လွယ်ထားမယ်ဆိုရင် သင့်ရဲ့လက်မှာ အပိုပစ္စည်းတစ်ခု ကိုင်ထားရမှာမဟုတ်တဲ့အတွက် ပိုအမြင်ရှင်းပါတယ်။

မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ

တကယ်လို့ သင်က အရပ်ပုပုလေးနဲ့ ပြည့်ပြည့်ဖြိုးဖြိုးလေးဆိုရင် ရှည်လျားလွန်းသော စကပ်များ ဂါဝန်များ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ သင့်ရဲ့ စကပ် (သို့) ဂါဝန်အရှည်က ခြေမျက်စိထက် မကျော်ရပါဘူး။

တကယ်လို့ သင်က အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးလေးဆိုရင်တော့ ဘောင်းဘီအရှည်က သင်နဲ့ လိုက်ဖက်ပါတယ်။

ဘရာဇီယာကို ဖောက်ထွင်းမြင်နေရတဲ့ ပါးလွှာသော အင်္ကျီအဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

အိပ်ရာထနောက်ကျတဲ့ နေ့မျိုးတွေမှာ လောလော လောလောနဲ့ ပြင်ဆင်မိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအမှားမျိုးကိုတော့ မကျူးလွန်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကို တခြားသူတွေ သတိထားမိမယ်ဆိုပေမယ့် ကောင်းသော သတိထားမိခြင်းမျိုးတော့ မဟုတ်ပါဘူး။

ရှပ်အင်္ကျီများ ဝတ်ဆင်တဲ့အခါ ခါးစည်းထားခြင်းကို ရှောင်ကြဉ်ပါ

လျှပ်ပေါ်လော်လီစွာ ဝတ်စားဆင်ယင်ခြင်းက သင့်ကို ဆွဲဆောင်မှုတိုးမြှင့်စေတယ်လို့ ယုံကြည်နေမိပြီလား။ ဒါဆိုရင်တော့ သင် မှားသွားပါလိမ့်မယ်။ ယနေ့ခေတ်မှာတော့ ရှပ်အင်္ကျီကို ခါးစည်းထားတာထက် ဘောင်းဘီ (သို့) စကပ်ထဲသို့ ထည့်ဝတ်ခြင်းကို သင့်ကို ပိုစမတ်ကျပြီး ဆွဲဆောင်မှုမြင့်မားစေပါတယ်။

အပွနဲ့ အကြပ်ကို တွဲဝတ်ပါ

ဘောင်းဘီက အကြပ်ဆိုရင် အင်္ကျီအပွဝတ်တာမျိုး၊ ဘောင်းဘီ အပွဆိုရင် အင်္ကျီအကြပ် ဝတ်တာမျိုးက လိုက်ဖက်မှုရှိပါတယ်။ အပွချည်းပဲ ဝတ်မယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်အလှက ပျောက်ကွယ်သွားပြီး အကြပ်ချည်းပဲ ဝတ်မယ်ဆိုရင်လည်း ကောက်ညှင်းထုပ်ကို ထုပ်ထားသလိုမျိုး ဖြစ်သွားတာကြောင့် ဖက်ရှင်ကျတော့မှာ မဟုတ်ပါဘူး။

Source: Brightside.me

By MyStyle Myanmar