ကျွန်မတို့မိန်းကလေးတွေနေ့စဉ်လိမ်းခြယ်နေကြတဲ့ မိတ်ကပ်တွေကို ကျွန်မတို့ နည်းစနစ်တကျနဲ့ မှန်ကန်စွာလိမ်းခြယ်နေကြတာဟုတ်ပါရဲ့လား။ တခါတလေကျွန်မတို့ ယုံကြည်လက်ခံထားကြတဲ့ မိတ်ကပ်နဲ့ ပတ်သက်တဲ့ အယူအဆတချို့ဟာ လွဲမှားနေတတ်ပါတယ်။

YouTube က Make-up Tutorial တွေက သင့်ကို မိတ်ကပ်လိမ်းခြယ်နည်းပဲ ပြသပေးမှာပါ။ မိတ်ကပ်နဲ့ ပတ်သက်ပြီး သင် လွဲမှားစွာပြုလုပ်နေမိတဲ့ အချက်အချို့ကိုတော့ ပြောပြပေးနိုင်မှာ မဟုတ်ပါဘူး။ သင်ရော နေ့စဉ်မိတ်ကပ်နဲ့ ထိတွေ့နေရသူတစ်ယောက်လား? ဒါဆိုရင်တော့ ဒီအချက်လေးတွေကို သိထားဖို့လိုအပ်ပါတယ်။

Dark Eyebrows တွေက လူတိုင်းနဲ့လိုက်ဖက်တယ်။

ဒါက ကျွန်မကိုယ်တိုင် လွဲမှားစွာယုံကြည်မိတဲ့အချက်တခုပါ။ Super Model ဖြစ်တဲ့ Cara Delevigne နဲ့ Actress Lilly Collins တို့လို မျက်ခုံးထူထူနက်နက်တွေဟာ လူတိုင်းနဲ့လိုက်ဖက်မယ် ထင်ခဲ့မိပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့မျက်နှာကျနဲ့ လိုက်ဖက်တဲ့မျက်ခုံးပုံစံကိုသာ ရွေးချယ်သင့်ပါတယ်။ ကိုယ်သဘောကျတဲ့ Star ရဲ့မျက်ခုံးဟာ ကိုယ်နဲ့ကျလိုက်ဖက်ချင်မှ လိုက်ဖက်မှာ ဖြစ်တာမို့ ကိုယ့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်ခုံးပုံစံကိုသာ ထားပါလို့အကြံပြုချင်ပါတယ်။

မိတ်ကပ်လိမ်းခြယ်တဲ့အခါ လက်ချောင်းတွေကို ဘယ်တော့မှအသုံးမပြုပါနဲ့။

သင်ဟာ တခါတလေခရီးတွေဘာတွေထွက်တဲ့အခါ သင့်ရဲ့Make-up Brush တွေကို ယူသွားဖို့ မေ့ကောင်းမေ့နိုင်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာ သင့်ရဲ့လက်ချောင်းတွေဟာ အကောင်းဆုံး Make-up Tool တွေပါပဲ။ မိန်းကလေးအတော်များများက လက်ချောင်းတွေနဲ့ မျက်နှာကိုထိတွေ့ပြီးလိမ်းခြယ်ရမှာကို စိုးရွံ့ တတ်ကြပါတယ်။ ဒါပေမယ့် Liquid Foundation တွေနဲ့ Cream Type ဖြစ်တဲ့ ပါးနီတွေကို လိမ်းခြယ်ရမှာ လက်ချောင်းတွေနဲ့လိမ်းခြယ်ခြင်းက ပိုမို Blend လုပ်နိုင်ပြီး ပါးနီတွေရဲ့အရောင်ထွက်ကိုလည်း မှန်ကန်စေပါတယ်။

SPF ပါဝင်တဲ့ မိတ်ကပ်လိမ်းရင် နေရောင်ကာခရင်မ် လိမ်းစရာမလိုဘူး။

တကယ်တော့ ဒါဟာလည်းမှားယွင်းတဲ့အယူအဆတခုဖြစ်ပါတယ်။ မိတ်ကပ်မှာ Sun Protection Factor လို့ခေါ်တဲ့ SPF ပါဝင်တာဟာ အန္တရယ်ရှိတဲ့ UVA နဲ့ UVB နေရောင်ခြည်တွေကို အပြည့်ဝ မကာကွယ်ပေးနိုင်ပါဘူး။ SPF ပမာဏများများပါဝင်တဲ့ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ Sunscreen တို့ Sun Protection Cream တို့ လိမ်းပေးဖို့လိုအပ်ပါတယ်။

ဈေးကြီးတဲ့ မိတ်ကပ်တွေက အကောင်းဆုံး။

တချို့က ဈေးကြီးကြီးပေးဝယ်ရတဲ့ မိတ်ကပ်ကသာ အကောင်းဆုံးဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ဘယ်လောက်ပဲဈေးကြီးပေးရတဲ့ မိတ်ကပ်ပစ္စည်းဖြစ်ဖြစ် ကိုယ့်ရဲ့အသားအရေနဲ့ အဆင်မပြေရင် မသုံးသင့်ပါဘူး။ ဈေးများတာ ဈေးနည်းတာထက် ကိုယ့်ရဲ့အသားအရေနဲ့အဆင်ပြေရင် အကောင်းဆုံးဖြစ်ပါတယ်။

Make-up တွေမှာ Expiry မရှိဘူး။

တော်တော်များများ သိကြမှာဖြစ်ပေမယ့် တချို့ကတော့ မိတ်ကပ်ဝယ်တဲ့အခါ Expiry Date ကို သတိမထားမိတတ်ကြပါဘူး။ လိုချင်ပြီဆိုတာနဲ့ စစ်ဖို့မေ့သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ မိတ်ကပ်ပစ္စည်းတွေ ဝယ်တဲ့အခါ Expiry Date ကို မမေ့မလျော့ စစ်ကြဖို့အကြံပြုချင်ပါတယ်။ ဘယ်မိတ်ကပ်ပစ္စည်းမဆို Expire ရှိပါတယ်။ Expire ဖြစ်သွားတဲ့ မိတ်ကပ်ပစ္စည်းတွေကို မသုံးသင့်ပါဘူး။ ကိုယ့်ရဲ့အသားအရေကို အင်မတန်ထိခိုက်စေပါတယ်။ နှုတ်ခမ်းနီတွေကိုတော့ Expiration Date ရဲ့ ၆လကျော်တဲ့အထိ သုံးစွဲနိုင်ပါတယ်။

ဒါတွေက မိတ်ကပ်နဲ့ပတ်သက်ပြီး ကျွန်မတို့ မိန်းကလေး အတော်များများမှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အချက်တချို့ပဲဖြစ်တာမို့ အားလုံးကို အမှန်ကိုသိစေချင်လို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။