လူတစ်ယောက်ရဲ့ ဘဝမှာမရှိမဖြစ်အလိုအပ်ဆုံးကတော့ သာပေါင်းညာစားတွေမဟုတ်တဲ့ တကယ့်အစစ်အမှန်သူငယ်ချင်းတွေပါ။ လူတစ်ယောက်မှာပေါင်းသင်းဆက်ဆံရေးအတွက် အပေါင်းအသင်းဆိုတာက လိုကိုလိုအပ်ပါတယ်။

လူတိုင်းမှာလည်း အပေါင်းအသင်းဆိုတာရှိတတ်စမြဲပါ။ ဒါပေမယ့် ကိုယ့်အပေါ်ကောင်းပြီး တကယ်ကိုပေါင်းသင်းအပ်တဲ့ သူငယ်ချင်းအစစ်အမှန်ဆိုတာတော့ တော်တော်လေးကိုရှားပါတယ်။ သင်မှာဒီလိုသူငယ်ချင်းမျိုးရှိနေပြီဆိုရင်လည်း ဂုဏ်ယူလိုက်ပါတော့။

သင်နဲ့အချိန်ပေးနေရတာကို နှစ်သက်မယ်

သူငယ်ချင်းတွေတူတူရှိနေရတဲ့အချိန်က တကယ်ကိုပျော်စရာကောင်းပါတယ်။ တစ်ချို့အပေါ်ယံသူငယ်ချင်းတွေက တွေ့ဖို့ချိန်းရခက်နေတဲ့အချိန်မှာ တကယ်စစ်မှန်တဲ့သူငယ်ချင်းတွေကတော့ အားလပ်ရက်တွေရောက်တာနဲ့ တွေ့ဖို့ချိန်းနေတတ်တဲ့သူမျိုးပေါ့။

လျှို့ဝှက်ချက်တွေကိုတောင်ပြောပြလို့ရတယ်

လူတိုင်းကိုပြောပြလို့မရတဲ့ လျှို့ဝှက်ချက်မျိုးတွေကိုလည်း ပြောပြပြီးရင်ဖွင့်လို့ရမယ့် သူငယ်ချင်းမျိုးက တကယ်ကိုမရှိမဖြစ်ပါ။ သူများတွေလိုမျိုး သင့်ရဲ့ကြီးမားတဲ့ပြစ်ချက်တွေကို ကွယ်ရာမှာအတင်းတုတ်တာ၊ သင့်ကိုနစ်နာစေလိုတဲ့စိတ်မျိုးမရှိတဲ့သူတွေက သင့်ရဲ့စစ်မှန်တဲ့သူငယ်ချင်းအရင်းကြီးပဲဖြစ်ပါတယ်နော်။

အလှအပလျှို့ဝှက်ချက်တွေ

မိန်းကလေးတော်တော်များများက သူတို့ရဲ့အလှအပလျှို့ဝှက်ချက်တွေကို လူတိုင်းကိုမပြောပြတတ်ကြတာတော့ အမှန်ပါပဲ။ ဒါပေမယ့် သင်နဲ့သင့်သူငယ်ချင်းကတော့ ဘာမိတ်ကပ်သုံးတယ်၊ အခုကတော့ ဘာဝယ်ထားတာ၊ ဆံပင်တွေထူအောင်ဘယ်နည်းလမ်းနဲ့လုပ်တာ၊ ဝက်ခြံတွေပျောက်အောင်ဘာနဲ့လုပ်တာ စတဲ့နည်းလမ်းတွေကို တစ်ယောက်နဲ့တစ်ယောက် အမှန်အကန်ဖလှယ်နေပြီဆိုရင်တော့ မရှိမဖြစ်သူငယ်ချင်းအရင်းတွေပေါ့။

သူဝမ်းနည်းနေတဲ့အချိန်မှာ သင်လည်းဝမ်းနည်းလာမယ်

အချစ်ရေးမှာအဆင်မပြေလို့ပဲဖြစ်ဖြစ်၊ အိမ်တွင်းရေးအဆင်မပြေတာတွေကို ရင်ဖွင့်ပြောပြနေတဲ့အချိန်မှာ သင့်ရင်ထဲမှာလည်း သူနဲ့ထပ်တူခံစားနာကျင်နေရမယ်။ သင်နဲ့ပတ်သက်ရင်လည်း သူကဒီလိုခံစားနေရမယ်ဆိုရင်တော့ Bff လို့ခေါ်ဆိုထိုက်ပြီနော်။

သွေးသားတော်စပ်တဲ့ ညီအမတွေလိုမျိုးခံစားရမယ်

သူငယ်ချင်းဆိုပေမယ့် သင်တို့ရဲ့စိတ်ထဲမှာတော့ သွေးသားတော်စပ်တဲ့ ညီအမတွေလိုမျိုး အရမ်းရင်းနှီးတဲ့ခံစားချက်မျိုးကို ရရှိနေပြီဆိုရင်လည်း သူငယ်ချင်းအရင်းကြီးတွေလို့ သတ်မှတ်လို့ရပြီနော်။

တူတူဈေးဝယ်ထွက်မယ်

တစ်ယောက်နဲ့လိုက်ဖက်တာကို တစ်ယောက်ကရွေးချယ်ပေးပြီး အကောင်းဆုံးအကြံပေးသူအဖြစ် သင့်နားမှာရှိနေမယ်ဆိုရင်လည်း သူကသင့်ရဲ့သူငယ်ချင်းအစစ်အမှန်လို့ ပြောလို့ရပါတယ်။သင်အတွက်အသေးစိတ်ကအစ လိုက်ကြည့်ပေးပြီးပြောပြပေးမယ့် သူငယ်ချင်းမျိုးက တကယ်ကိုမရှိမဖြစ်ပါနော်။

ကဲ… ဒါတွေကတော့ သူငယ်ကောင်းလို့ခေါ်ဆိုထိုက်တဲ့ BFF တွေမှာတွေ့ကိုတွေ့ရမယ့် အချက်တွေပေါ့။ ဒီတော့ သင်ရောဘယ်လိုထင်လဲ။ သင့်အတွက် တကယ်သူငယ်ချင်းအစစ်အမှန်က သင့်နားမှာတကယ်ရှိနေပြီလား။ ရှိနေပြီဆိုရင်တော့ သင်ဘဝအတွက် ဂုဏ်ယူစရာမှတ်တိုင်တွေထဲက တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီလို့သတ်မှတ်လိုက်ပါတော့နော်။