ဆံပင်ရှည်တဲ့ပျိုလေးတွေရော ဆံပင်တိုတဲ့မေလေးတွေအတွက်ပါ ခေါင်းလျှော်ပြီးတဲ့အခါ dryer သုံးရင်ကောင်းမလား မသုံးတာက ကောင်းမလားလို့ စဉ်းစားရခက်နေရင်တော့ ဒီအကြောင်းအရာလေးကို အဆုံးထိဖတ်လိုက်ပါနော်။ Dryerသုံးပြီးအခြောက်ခံရင် ဆံပင်ပျက်စီးတတ်တယ် ဆိုတာမျိုး ကြားဖူးကြမယ်ထင်ပါတယ်နော်။ တကယ်တော့ dryer သုံးတိုင်း ဆံသားပျက်စီးတာမဟုတ်ပါဘူးနော် ဒါပေမယ့် နည်းမှန်လမ်းမှန် သုံးဖို့တော့ လိုတာပေါ့နော်။ Dryerကို မှန်ကန်စွာသုံးမယ်ဆိုရင်တော့ ဆံပင်မပျက်စီးတဲ့အပြင် ဆံသားတွေကျိုးပဲ့တာလည်း ရှိမှာမဟုတ်တော့ပါဘူးနော်။ ဒီတော့ dryer သုံးတဲ့အခါ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါတယ်။

လေအားပြင်းပြင်းနဲ့Dryerမမှုတ်ပါနဲ့

ရေစိုနေတဲ့ ဆံပင်ကို dryer နဲ့ စမှုတ်တော့မယ်ဆိုရင် လေအားနည်းနည်းပျော့တာနဲ့မှုတ်ပါ။ စိုနေတဲ့ဆံပင်က ပျက်စီးဖို့ပိုလွယ်တာကြောင့် ချက်ချင်းကြီးလေအားပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံသားခြောက်တာ၊ကြမ်းတာကိုပိုဖြစ်စေပါတယ်။ အပူကိုပဲ အမြဲသုံးမယ်ဆိုရင်လည်း ဆံသားခြောက်သွေ့ကျိုးကြေစေပြီး အဖျားကွဲတာ၊ ပြတ်တာတွေ ဖြစ်စေနိုင်လို့ hair dryer နဲ့ဆံပင်အခြောက်ခံတဲ့အခါ အရင်ဆုံးလေပူနဲ့မှုတ်ပြီး ခြောက်ခါနီးဖြစ်သွားရင်တော့ အပူတလှည့်၊အအေးတလှည့်မှုတ်ပေးပါနော်။ နောက်ပြီး လေမှုတ်တဲ့အခါ မှုတ်ချင်သလို မှုတ်တာထက် ရေစိုဆံပင်တွေကို ဘီးအကြဲနဲ့ဖြီးလိုက်ပြီး၊ ဆံပင်အရင်းကနေ အဖျားဘက်ကို ဦးတည်ပြီးမှုတ်ပေးပါ။

ပျော့ပျောင်းတဲ့ဘီးအကြဲပဲသုံးပါ

ဆိုင်တွေမှာ ပုံသွင်းပေးသလို ဘရပ်ရှ်နဲ့ အတင်းဆွဲပြီး dryer နဲ့ မှုတ်တာမျိုးက ဆံသားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အလွယ်လေးပြတ်ထွက်တာ၊ ကျွတ်တာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် လေမှုတ်တဲ့အချိန်မှာ ဘီးအကြဲနဲ့ပဲဖြီးပေးပါ။ ဆံပင်ကို အပိုင်းလေးတွေခွဲပြီး တစ်ပိုင်းချင်း ခြောက်အောင် မှုတ်ပေးတာက ဆံသားပွတ်တိုက်မှုကိုလျော့နည်းစေတာကြောင့် အပျက်အစီးနည်းစေပါတယ်နော်။

Hair Dryer ကို နည်းနည်းခွာပြီး မှုတ်ပါ

နောက်အရေးကြီးတဲ့တချက်ကတော့ Hair dryer ကို မျက်နှာနဲ့အရမ်းနီး၊ ခေါင်းနဲ့အရမ်းနီးတဲ့နေရာကနေ မမှုတ်ပါနဲ့။ အနည်းဆုံးတစ်ပေလောက် အကွာကနေမှုတ်ပေးပါ။ Dryer နဲ့အခြောက်မခံခင်မှာ တဘက်နဲ့ အချိန်အကြာကြီးပေါင်းထားတာမျိုး မလုပ်ပဲ အများဆုံး ၁၅ မိနစ်လောက်ပဲထားပြီး ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပြီး dryer နဲ့မှုတ်ပေးပါ။  ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပေးရင် ဆံပင်ကို ပိုခြောက်သွေ့စေတယ်လို့ ထင်နေကြပေမယ့် တကယ်တော့ အဲ့ဒါမဟုတ်ပါဘူး။ Dryer နဲ့ မမှုတ်ခင် ဗီတာမင် အီး၊ အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလေးလိမ်းပြီးမှ dryer နဲ့ မှုတ်ပေးလိုက်မယ်ဆိုရင် ဆံပင်လည်း ပုံကျလှပပြီး ဆံပင်လည်း မပျက်စီးတော့ပါဘူး။

သန့်ရှင်းရေးလုပ်ပေးပါ

Dryer ကို သန့်ရှင်းရေးမလုပ်ဘဲ အမြဲသုံးနေမယ်ဆိုရင် ဖုန်တွေပိတ်ဆို့ပြီး ကိုယ်သုံးတဲ့အခါ အဲ့ဒီဖုန်တွေထွက်လာပြီး ဦးရေပြားနဲ့ ဆံပင်မှာ ကပ်ငြိ စေပါတယ်။ ဒါကြောင့် dryer ကို ၂ ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

Source; Brightside