ယေဘုယျအားဖြင့် အမျိုးသမီးများသည် အခြားသူများထက် ပို၍စတိုင်ကျလှပစေရန်အတွက် အရာရာတိုင်းကို အားစိုက်ထုတ်လေ့ရှိပါတယ်။ သို့သော်လည်း တခါတရံအချိန်များတွင် မိမိကြိုးစားလိုက်သည့်အရာများက အဆိုးဖက်ကိုရောက်သွားတတ်သည့်အခါများလည်း ရှိနိုင်သောကြောင့် မိမိ၏ကိုယ်ဟန်အမူအယာကို ကြည့်ရဆိုးစေမည့် အချက်များကို ရှောင်ရှားနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။

ထို့အတွက် မိန်းကလေးများ အထူးရှောင်ကြဉ်သင့်သည့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပုံမှန်အားဖြင့် Sunscreen လိမ်းခြယ်သည့်အခါမှာ မျက်နှာကိုသာ လိမ်းခြယ်လေ့ရှိတတ်ကြပါတယ်။ ထိုသို့ပြုလုပ်ခြင်းက မျက်နှာတစ်ခုတည်း ကိုသာ ခရမ်းလွန်ရောင်ခြည်များမှ ကာကွယ်နိုင်မှာဖြစ်ပြီး သင့်ရဲ့လှပနူးညံ့သည့် လက်ကလေးများကိုတော့ ကာကွယ်မပေးနိုင်သောကြောင့် အမည်းစက်များဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ ခြေထောက်ချိတ်ထိုင်ခြင်းက ဆိုးရွားသည့်အပြုအမူမဟုတ်သော်ငြားလည်း ကိုယ်ခန္ဓာအောက်ပိုင်းရှိ သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည့်အတွက် ဆင်ခြင်သင့်ပါတယ်။

၃။ ရေချိုးခေါင်းလျှော်ပြီးနောက် ချက်ချင်းဆိုသလို ဘီးဖြီးခြင်းသည် ဆံသားများကျိုးကြေပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အတွက် ထိုသို့ပြုလုပ်ခြင်းကို လုံးဝရပ်တန့်ရမှာဖြစ်ပါတယ်။

၄။ ပုံစံစတိုင်အမျိုးမျိုးဖြင့် ဆံပင်စည်းခြင်းက သင့်ကိုပိုမိုလှပစေမှာဖြစ်သော်လည်း အလွန်အကျူးပြုလုပ်မိပါက ဆံပင်အခွဲရာပျောက်သွား၍ နောက်ဆက်တွဲအနေဖြင့် ထိပ်ပြောင်ခြင်းအထိဖြစ်ပေါ်လာနိုင်ပါတယ်။

၅။ မျက်ခုံးမွှေးနှုတ်ပြီးနောက် ချက်ချင်းမိတ်ကပ်လိမ်းခြယ်ခြင်းသည် ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်မှုအခွင့်အလမ်းများပြားစေနိုင်သည့်အတွက် ရှောင်ရှားစေလိုပါတယ်။

၆။ ချွေးပေါက်ပိတ်စေနိုင်သည့် ပေါင်ဒါအမှုန့်များကို မျက်နှာပြောင်အပေါ်သို့ တိုက်ရိုက်လိမ်းပေးခြင်းထက် အဆီများကိုဖယ်ရှားရန် ဆီစုပ်စက္ကူကို အသုံးပြုပေးခြင်းက ပိုမိုကောင်းမွန်သည့်နည်းလမ်းဖြစ်ပါတယ်။

၇။ အမှန်တကယ်လိုအပ်သည့် ပစ္စည်းများအပြင် အခြားမလိုအပ်သောအရာများကိုပါ ပိုက်ဆံအိတ်အတွင်း စုပေါင်းသယ်ယူခြင်းက သင့်အသွင်အပြင်ကို ဆိုးရွားစေသလို ဝန်ထုပ်ဝန်ပိုးလည်းဖြစ်စေနိုင်ပါတယ်။