ကဲ.. ဒီတခေါက်တော့ လူတိုင်းဘဝမှာ မေ့ဖို့ခက်တဲ့လူတစ်ယောက်ဆိုတာ ရှိမှာပါနော်။ အဲဒီသူက ကိုယ့်အပေါ်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်တော့မှမေ့မှာ မဟုတ်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ လူတိုင်းကြားဖူးနေကျဖြစ်တဲ့ အချစ်ဦး မြေးဦး ရတဲ့အထိ မမေ့ဘူးဆိုတဲ့ စကားလေးလည်းရှိပါတယ်။ အချစ်ဦးကို မမေ့နိုင်တဲ့ အကြောင်းအရင်းကတော့ ချစ်နေသေးလို့ဆိုတဲ့ အကြောင်းအရာတစ်ခုတည်းကြောင့် မဟုတ်ပါဘူးနော်။ ဒါပေမယ့်လည်း အချိန်ဘယ်လောက်ပဲကြာကြာ အချစ်ဦးကိုတော့ မေ့မရနိုင်တဲ့ လူတွေကတော့ အများကြီးပါပဲ။

ဘာလို့ အချစ်ဦးကို မေ့ဖို့ခက်ရသလဲဆိုတဲ့အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်နော်..ဘယ်အချက်တွေက စာဖတ်သူတွေနဲ့ တူနေသလဲဆိုတာ အတူတူကြည့်ကြရအောင်နော်..

ပထမဆုံးရင်ခုန်မိခဲ့သူဖြစ်နေလို့

အချစ်ဦးဆိုတာက ကိုယ့်ကို ပထမဆုံးအချစ်နဲ့ စတင်တွေ့စေခဲ့တဲ့သူဖြစ်ပြီး ရင်ခုန်အောင်လည်းလုပ်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  သူ့ကြောင့်သာ အချစ်ကို ပထမဆုံး စတင်သိရှိခံစားခဲ့တာဖြစ်ပြီး ဘဝရဲ့ ပထမဆုံးရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကိုလည်း ခံစားစေခဲ့တဲ့သူပဲဖြစ်ပါတယ်။ လူတွေရဲ့သဘာဝအတိုင်း ပထမဆုံးဖြစ်ပျက်တဲ့အရာတွေဟာ ဘယ်လိုပဲအကောင်းအဆိုးတွေဖြစ်စေ မှတ်မိတတ်ကြတာမို့ ပထမဆုံးဖြစ်တည်ခဲ့တဲ့အချစ်ကိုလည်း မေ့ဖို့ခက်ခဲမိတာပါပဲနော်။

လေးလေးနက်နက်ချစ်ဖူးခဲ့လို့

ပထမဆုံး အချစ်ကို ခံစားရပြီး ပထမဆုံး အချစ်တွေ အပြန်အလှန်ပေးခဲ့ဖူးသူဆိုတာကလည်း ဘယ်တော့မှ မေ့မရတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ဝေးကွာပြီး မချစ်ကြတော့ပေမယ့် တစ်ချိန်ကတော့ တစ်ယောက်ကို တစ်ယောက် တကယ့်ကို လေးလေးနက်နက် ချစ်ခဲ့တာကြောင့် သူနဲ့ပတ်သတ်ပြီး အသေးအမွှားတွေကအစ မှတ်မိနေတတ်ခြင်းပဲ ဖြစ်ပါတယ်။

ပြန်ဆုံဖို့မသေချာတော့လို့

လူတွေသဘာဝအတိုင်း မရနိုင်တော့တဲ့အရာ မဖြစ်နိုင်တော့တဲ့အရာတွေဆို ပိုပြီး တသသခံစားရပြီး လွမ်းဆွတ်မိနေတတ်တယ်မလား။ အချစ်ဦးဆိုတာကလည်း ကိုယ့်ဘဝမှာ ပထမဆုံးဖြစ်တည်ခဲ့တဲ့အချစ်ဖြစ်ပြီး ပထမဆုံးနာကျင်ခံစားဖူးတာမျိုးဖြစ်တာကြောင့် အကြောင်း အမျိုးမျိုးကြောင့်လမ်းခွဲခဲ့ရရင်တောင်မှ ဘယ်တော့မှမေ့မရနိုင်တာ မှန်ပေမယ့်လည်း အဲ့တည်းကနေ အခုထိပြန်မဆုံဖြစ်တော့တဲ့အခါမှာတော့ လွမ်းနေတတ်ပါတယ်။ ပြန်လိုချင်တာမျိုးတော့ မဟုတ်ပေမယ့် သံယောဇဉ်လက်ကျန်လေးတော့ကျန်ရှိနေသေးတာမျိုးတော့ ဆိုနိုင်ပါတယ်။

အမှတ်ရနေတတ်လို့

ဘဝရဲ့ အမှတ်တရတွေကို ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ မှတ်မိနေတတ်တာလည်း သဘာဝပါပဲနော်။ အချစ်ဦးကို အမှတ်ရနေတာကလည်း ပြစ်ချက်တစ်ခု အမှားတစ်ခုတော့လို့တော့ သတ်မှတ်လို့မရပါဘူး။ တစ်ခါတစ်လေ နာကျင်ရမှန်းသိနေရင်တော့င်မှ သတိတွေရမိနေတတ်တာတော့ ဘယ်တတ်နိုင်မလဲနော်။ ဘဝမှာ အချိန်တန်ရင် မေ့သွားမှာပဲလေလို့ပြောတတ်ကြပေမယ့် တကယ့်တကယ် ကိုယ် သူနဲ့သွားခဲ့ဖူးတဲ့နေရာလေးတွေ အမှတ်တရလေးတွေမြင်မိရင်တော့ အလိုလိုသတိရမိတတ်တာပါပဲနော်။

ချစ်နေသေးလို့

အချစ်ဦးနဲ့ လွဲပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ သူလိုထပ်မချစ်နိုင်တော့တာသိလိုက်တဲ့အချိန်မှာ ထပ်ပြီးဘယ်သူ့ကိုမှမချစ်တဲ့သူတွေလည်း ရှိပါတယ်နော်။ သူတို့ကတော့ အချစ်ဦးနဲ့ ပြန်ဆုံချင်တတ်ကြပြီး ဘာမှမမျှော်လင့်မိရင်တောင် အချစ်တွေကျန်နေသေးလို့ သတိရနေကြတာပဲဖြစ်ပါတယ်။