မင်္ဂလာပါနော်။ အသက်အရွယ်ရလာတဲ့အထိ Glow ပြီး နုပျိုတင်းရင်းနေဆဲဖြစ်တဲ့ အသားအရေမျိုးကို ပျိုမေတိုင်းလိုချင်ကြမှာပါ။ အသားအရေကောင်းဖို့ Skincare ပုံမှန်လုပ်သလို မျက်နှာကိုနှိပ်နယ်ရတဲ့ Face Massage လေးတွေ လုပ်ပေးတာကလည်း မျက်နှာအရေပြားအတွင်း သွေးလည်ပတ်မှုကောင်းပြီး ဆဲလ်အသစ်တွေလည်ပတ်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် Massage (သို့) Face Yoga ပုံမှန်လုပ်ပေးတဲ့သူတွေဟာ မျက်နှာအရေးအကြောင်းတွေမပေါ်ဘဲ အသားအရေက Jelly လေးလို တင်းတင်းအိအိ လေးဖြစ်နေတာကို တွေ့ရမှာပါ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ လိုက်လုပ်နိုင်မယ့် Face Massage လုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Skincare လုပ်ရင်း အတူတွဲလုပ်ပေးရုံနဲ့ ကြည်လင်တဲ့ အသားအိအိလေးကို ပိုင်ဆိုင်စေမှာပါ။

ပထမဆုံး လက်သေချာဆေးကာ လက်ချောင်းတွေဖြန့်ပြီး မျက်နှာကိုပွတ်ဆွဲပေးလိုက်ပါ။ ကြွက်သားတွေဖြေလျော့အောင် Stretch အရင်လုပ်လိုက်တဲ့သဘောပါပဲ။

Smile Lines လို့ခေါ်တဲ့ နှာခေါင်းဘေးက အရေးအကြောင်းတွေသက်သာစေမယ့် Massage လုပ်နည်းဖြစ်ပါတယ်။ နှာခေါင်းထိပ်ဘေးနှစ်ဖက်ကို လက်ခလယ်နဲ့ဖိကာ နှိပ်နယ်ပေးပါ။ ပြီးနောက် နှာခေါင်းကနေ ပါးစောင်အထိ ဝိုက်ပင့်ပြီး နှိပ်ပေးရမှာဖြစ်ပါတယ်။

လက်ကိုပြန်စုကာ လက်ချောင်းထိပ်လေးတွေနဲ့ မျက်နှာတစ်ပြင်လုံးအနှံ့ ဖွဖွလေး ပုတ်ပေးပါ။ ဒီနည်းက အသားအရေအတွင်း သွေးလည်ပတ်မှုကောင်းစေပြီး တင်းတင်းရင်းရင်းနဲ့ Glow စေပါတယ်။

Skincare လိမ်းရင်း တစ်ခါတည်း ပုတ်ပေးရင်ပိုကောင်းပါတယ်။ ကိုယ်သုံးလိုက်တဲ့ Skincare အသားထဲပိုစိမ့်ဝင်စေမှာပါ။

နောက်တစ်ခုကတော့ လက်ငါးချောင်းစုထားပြီး တစ်ဖက်ကို အလျားလိုက် တစ်ဖက်ကို ဒေါင်လိုက်ထားကာ မျက်နှာတစ်ခြမ်းကို လက်နှစ်ဖက်အလှည့်ကျ ဘေးဘက်ဆွဲပြီး နှိပ်နယ်ပေးရမှာပါ။

ကျန်တဲ့မျက်နှာတစ်ဖက်ကိုလည်း ဒီနည်းအတိုင်း Massage လုပ်ပေးပါ။ ဒါက သင့်မျက်နှာအရေပြားတွေမတွဲကျအောင် ပြုပြင်ပြီးသားဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုလည်းကောင်းပြီး အသားကြည်စေပါတယ်။

လက်ညိုးနှစ်ချောင်းကို Smile Lines အရေးအကြောင်းဖြစ်တတ်တဲ့ နေရာမှာ ဖိပြီး အပေါ်အောက် လှည့်ကာ နှိပ်ပေးပါ။ သူကလည်း အရေးအကြောင်းသက်သာစေတဲ့အပြင် အသက်ရလာလို့ ပါးမို့တွေ တွဲကျတာမျိုးမရှိအောင်လည်း ပြုပြင်ပေးရာရောက်ပါတယ်။

နောက်ဆုံး Massage လုပ်နည်းက လက်ငါးချောင်းလုံးနဲ့ မျက်နှာအလယ်ကိုအုပ်ကာ ပါးစောင်နဲ့ မျက်ခုံးနားအထိ ဘေးဘက်ကိုဆွဲပေးရမှာပါ။ လက်မကိုတော့ မေးစေ့အောက်ထားကာ အပေါ်ပင့်တင်ပေးပါ။ မျက်နှာကြွက်သားတွေကို ဖြေလျော့ပေးပြီး ပင့်တင်ပေးသလိုဖြစ်တာမို့ မျက်နှာ Shape လေးပေါ်ကာ အသားအရေတင်းတင်းအိအိလေး ဖြစ်စေပါလိမ့်မယ်။

Photo Source: metro.style

By MyStyle Myanmar