တက်တူးတိုင်းမှာ အဓိပ္ပါယ်ကိုယ်စီရှိကြောင်း အထပ်ထပ်အခါခါ ပြောခဲ့ပြီးသွားပါပြီ။ ဒီတစ်ခေါက်ပြောပြမယ့် တက်တူးအမျိုးအစားကတော့ မျက်လုံးပုံ တက်တူးတွေအကြောင်းပြောပြမှာ ဖြစ်ပါတယ်။

မျက်လုံးပုံတက်တူး အမျိုးအစားတွေနဲ့အတူ အဲဒီတက်တူးတွေရဲ့ အဓိပ္ပါယ်ကိုယ်စီကို ဖော်ပြပေးလိုက်ပါတယ်။

ရှီရှားကြောင် မျက်လုံးပုံ တက်တူး

ဒီရှီရှားကြောင်မျက်လုံးက နည်းနည်းတော့ ဆိုက်ကိုဖောက်တဲ့ပုံစံမျိုးပါ။ အထူးသဖြင့် ငယ်ဘဝအကြောင်းအရာတွေထဲက စိတ်ထဲက အမြစ်တွယ်စွဲလမ်းနေတဲ့ အကြောင်းအရာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ရည်ညွှန်းမှုပုံစံမျိုးလို့ ဆိုပါတယ်။

တစ်ခုခုပေါ် ရူးသွပ်နေတာမျိုးတွေကိုလည်း ရည်ညွှန်းပါတယ်။ သူများနဲ့မတူ ထူးခြားတဲ့ ပင်ကိုယ်စရိုက်ရှိသူတွေဟာ ဒီတက်တူးအမျိုးအစားပုံစံကို အထူး နှစ်ခြိုက်ကြပါတယ်။

ငိုနေတဲ့ မျက်လုံးပုံ တက်တူး

ငိုကြွေးနေတဲ့ မျက်လုံးပုံတက်တူးကတော့ ဆုံးရှုံးသွားရမှုတွေကို ကိုယ်စားပြုတာပါ။  အထူးသဖြင့် အချိန်တွေ ကုန်ဆုံးသွားမှုအတွက် နောင်တရတဲ့ ပုံစံမျိုးပါ။

ချစ်ရသူ ဆုံးရှုံးတာ ၊ မိသားစုထဲက တစ်ယောက်ယောက်ကို ဆုံးရှုံးသွားရတာမျိုးတွေမှာ ဒီ တက်တူးနဲ့ သက်သေပြုပြီး ဆုံးရှုံးရမှုတွေအတွက် ကိုယ်စားပြု ထိုးထွင်းထားတဲ့ နာကျင်မှု အမှတ်အသားပဲ ဖြစ်ပါတယ်။

လင်းယုန်မျက်လုံးပုံ တက်တူး

ဒီလင်းယုန်မျက်လုံးပုံတက်တူးကတော့ ထူးချွန်ထက်မြက်မှုစွမ်းရည်တွေကို ပြသထားတာဖြစ်ပါတယ်။ ရဲစွမ်းသတ္တိ ၊ ပြတ်သားမှု နဲ့ ယုံကြည်မှုတွေကို ရည်ညွှန်းတဲ့ တက်တူးအမျိုးအစားပါ။ ကြုံတွေ့လာရတဲ့ ဒုက္ခတွေ ၊ သောကတွေ နဲ့ လောကဒဏ်တွေကို ကြံ့ကြံ့ခံနိုင်စွမ်းအပြည့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

နတ်ဆိုးမျက်လုံးပုံ တက်တူး

သူကတော့ သူ့ရဲ့ အမည်နဲ့ ဆန့်ကျင်ဘက်အဖြစ် ကိုယ့်ဆီရောက်လာမယ့်  မကောင်းတဲ့အရာတွေကို ပြန်နှင်တဲ့ အသွင်ပုံစံမျိုးပါ။ ဒါအပြင် မကောင်းတဲ့ အစွဲတွေကို ချွတ်ဖို့ဆိုတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။ ဓါတ်ကြမ်းကို ဓါတ်ကြမ်းနဲ့ ပြန်တိုက်တဲ့ သဘောပါ။