ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ အာရှနိုင်ငံက မိန်းကလေးအများစုမှာ မျက်ရစ်မပါတတ်ကြတာကြောင့် မျက်ရစ်ပေါ်စေမယ့် မိတ်ကပ်ပုံစံလေးတွေကို လိမ်းခြယ်ကြလေ့ရှိပါတယ်။ မိတ်ကပ်သီးသန့် ဒါမှမဟုတ် မျက်ရစ်ကပ်တိတ်၊ Glue စတာတွေနဲ့ မျက်ရစ်ဖော်တဲ့အခါ သင့်မျက်ခွံကို သေသပ်လှပအောင်လိမ်းခြယ်တတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမှားလုပ်မိမယ်ဆိုရင် သင့်မျက်ခွံက ရှိရင်းစွဲထက် ပိုကြည့်ရဆိုးသွား နိုင်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ မျက်ရစ်မရှိသူပျိုမေတို့အတွက် မျက်လုံးခြယ်ရာမှာ သတိထား ပြုလုပ်ပေးရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ လိမ်းခြယ်နည်းအမှားတွေကို သိထားတာက Eye Makeup ပြင်ဆင်ရာမှာ အချိန်တိုအတွင်း မှန်မှန်ကန်ကန်နဲ့ ထင်းပြီးကြည့်ကောင်းနေတဲ့ မျက်ရစ်တွေရလာစေဖို့ ကူညီပေးပါလိမ့်မယ်။

၁။ Eyeshadow အရောင်လင်းတာတွေ မသုံးသင့်ပါဘူး


ရွှေရောင်နဲ့အသားရောင်တွေလို လင်းနေစေတဲ့ Eyeshadow တွေက သင့်မျက်ခွံကိုပိုဖောင်းသယောင် ထင်ရစေတာကြောင့် ဆိုးတဲ့အခါမှာ အညိုဘက်သွားတဲ့ အရောင်ခပ်မှောင်မှောင်တွေကို အသုံးပြုပေးသင့်ပါတယ်။ အရောင်အမှောင်တွေက သင့်မျက်ခွံကိုအရိပ်ပေါ်စေပြီး မျက်ရစ်ပုံစံ ဖြစ်စေတာကြောင့်ပါ။

၂။ Eyeshadow ကိုမျက်ခွံဒေါင့်ပိုင်း ထင်းနေအောင်ဆိုးတာမျိုးရှောင်ပါ


Eyeshadow ဆိုးတဲ့အခါ မျက်ခွံဘေးဒေါင့်ပိုင်းတွေအထိ အရမ်းထင်းနေအောင်မဆိုးဘဲ သင့်မျက်လုံးပုံစံအတိုင်း ဘေးဘက်ခပ်ပြေပြေလေး ဆင်းသွားသလို အရောင်ညှိပြီးဆိုးပေးဖို့လိုပါတယ်။ မျက်ခွံဒေါင့်မှာ ထင်းနေအောင်ဆိုးတာက သင့်မျက်လုံးကိုပိုသေးစေပြီးကြည့်ရဆိုးစေပါလိမ့်မယ်။

၃။ အောက်မျက်ခမ်းမှာ Eyeliner ဆိုးခြင်းကိုရှောင်ပေးပါ


မျက်ရစ်မရှိတဲ့သူတွေအနေနဲ့ အောက်မျက်ခမ်းတစ်ဝိုက် Eyeliner ဆွဲတာမျိုးလည်းမလုပ်မိဖို့ အရေးကြီးပါတယ်။ ဒါကသင့်မျက်လုံးကိုကျဉ်းသွားစေပြီး Natural မဆန်ဘဲ မိတ်ကပ်ထူထူလိမ်းထားသလိုမြင်ရစေပါတယ်။ ဒါကြောင့် အောက်မျက်ခမ်းကို Eyeliner ဆိုးတာမျိုးရှောင်ပြီး Eyeshadow အရောင်ခပ်လင်းလင်းလေးတွေသာ ဆိုးပေးပါ။

၄။ Eyeliner အရမ်းမထူစေဖို့လည်း သတိထားပေးပါ


Eyeliner ဆိုးတဲ့အခါမှာလည်း မျက်ခွံတစ်ဝိုက် အပေါ်ထိမြှင့်ပြီး အရောင်အရမ်းထင်းနေအောင်မဆွဲဘဲ ခပ်ပြေပြေလေးပဲဆိုးပေးသင့်ပါတယ်။

၅။ Mascara ဆိုးပြီး မျက်တောင်ကော့ပေးဖို့လိုပါတယ်


တစ်ခါတစ်ရံမှာ မျက်ရစ်မရှိတာကြောင့် မျက်တောင်ကော့ထားလည်း မမြင်ရဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါကလည်း မျက်ရစ်အရိပ်ပေါ်စေပြီး မျက်လုံးပိုကျယ်သယောင်ထင်ရစေတာကြောင့် အပေါ်မျက်တောင်ကော အောက်မျက်တောင်တွေကိုပါ Mascara သုံးပေးသင့်ပါတယ်။

Photo Source: Elaine Park Youtube, Pinterest